Monday, April 12, 2010

အမှတ်တရ အညတြရဲဘော် ပုံရိပ်အပိုင်းအစများ။



အမှတ်တရ အညတြရဲဘော် ပုံရိပ်အပိုင်းအစများ။

နောင်ရိုးရဲဘော်တစ်ယောက် အခါမလင့် ကြွေရှာလေပြီကော။
ရိုးသားတဲ့ အညတြရဲဘော်တစ်ယောက်ပါ။
ကညွတ်ကွင်း သပိတ်စခန်းမှာ လှံတစ်ချောင်းထမ်းပြီး တစ်နိုင်တာဝန်ယူခဲ့သူ။
ရိုးမကျော တိုက်ပွဲတိုင်းမှာ သေနတ်တစ်လက်နမ်းပြီး ဦးလှည်မသုန် ရန်သူကို တန်ပြန်ခဲ့သူ။
ရဲဘော်သူငယ်ချင်းတွေ မောပန်းနွမ်းနှယ်ချိန် ပျော်တော်ဆက်နိုင်တဲ့ ရဲဘော်။
လူသားပီသစွာ စိတ်တိုမယ်။ဒေါသဖြစ်မယ်။စကားများမယ်။
ဒါပေမဲ့ ရန်ငြိုးမဖွဲ့ ။မကောက်ကျစ်။မယုတ်မာခဲ့။
အနီးပတ်ဝန်းကျင်မှာ ပွဲလမ်း အခမ်းအနားကြုံလို့  အစားကောင်း စားရရင်
ကျန်ရဲဘော်တွေအတွက် ပြန်သယ်လာတတ်တယ်။
ဖျားနာနေတဲ့ ရဲဘော်။ဒဏ်ရာရ ရဲဘော်တွေကို မငြိုမငြင်ပြုစုခဲ့တယ်။
တောင်ယာထဲမှာ အမိုး။ဖထီးတို့ နဲ့  လက်တွဲကူညီပေးခဲ့တယ်။
ဝါးခုတ်။မျှစ်ချိုး။သစ်ဆယ်။တဲဆောက်။ခံတုတ်တူး မင်း လက်မရှောင်ခဲ့ဘူး။
တစ်ခါတစ်လေ မအူမလည်နဲ့  သူငယ်ချင်းရဲဘော်တွေရဲ့ 
အတည်ပေါက် ပြောင်နောက်ဒဏ်ကို ပြုံးဖြီးဖြီးနဲ့  အောင့်သက်သက်ခံပေးခဲ့တယ်။
အခြေအနေအရ ရေမြေခြားကို ထွက်ခွာဖို့  တင်ပြစဉ်က
တာဝန်ရှိသူက မင်းဘာတတ်လဲ့လို့ မေးတော့
လက်မောင်းကကြွက်သားတွေ ညစ်ထုတ်ပြလိုက်တယ်။
မင်း မတတ်တာကို လိမ်မပြောဘူး။
တစ်ပါးသူမြေမှာ မင်းကျိုးစားရုန်းကန်ရင်း
မသန်မစွမ်းဖြစ်ခဲ့သတဲ့။
အဲဒီအခြေအနေကြားထဲမှာ
မင်းလူများစွာ ကူညီပေးခဲ့တာ မှတ်တမ်းရှိတယ်။
ခုတော့ မင်းအိပ်မက်မဆုံးခင် ရုတ်တစ်ရက်
လူလွန်မသားတွေက ရိုက်ထိုးလှုပ်နှိုး ဖျက်ဆီးသတ်ဖြတ်တာ မင်းခံလိုက်ရရှာတယ်။
သွားတော့ ညီလေးရဲဘော်တိုင်းကျော်။
ရဲဘော်ကောင်းတစ်ယောက်။
ရန်သူကို အာခံတဲ့ မဲတစ်ချပ် ဆုံးပါးသွားပြီဆိုတဲ့ အသိ
ငါတို့ ရင်မှာ ငြိကျန်ခဲ့တယ်။
ငါ ယုံကြည်တယ်
မင်း တိုင်းပြည်အတွက် ဝိညာဉ်တပ်စခန်းမှာ
တာဝန်ထမ်းနေဦးမှာပါ၊။

ရဲဘော်ကြီး။

No comments: