Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, January 15, 2012

အာရုံတည်ရာ

အာရုံတည်ရာ
 
ငရဲနံရံတစ်ချို့ ကျိုးကြေ ချစ်သူတစ်စုပျံသန်း
အဲ့ဒီ မိုးမြေသိမ့်ခါ တိုက်ငှက်တောင်ပံခတ်သံ
အဲ့ဒါ သွေးသားအရိုးထဲက လေဆန်ကျူးရင့်ချက်
တိတ်ဆိတ်ဆွံ့ အတဲ့ အဝေးအိပ်မက်တွေ ရှင်ပြန်နိုးထ
အမေ့မျက်ရည်အိမ် မျှော်လင့်ချက်တွေ ဖူးပွင့်သင်းဝေ
အဓမ္မ ခြွေချခံသားတွေအတွက် အမျှဝေခက် အံကြိတ်နေသတဲ့ ၊
 
ရန်ငါ မိတ်ဖွဲ့မှော်အဆိပ်ပြုံးအောက် အတိတ်တစ္ဆေအက
တောထောင် မြို့ ပြ ကျေးလက်နှလုံးသား ပွက်ဆူပွင့်အန်
မြောက်တောင် ရှေ့ နောက် သွေးအရိပ်ကြွင်းများ ရုန်းကန်ထကြွ
အို - နိုင်ငံတော်လမ်းတွေ ရှိုက်ငင်ငိုကြွေး အမေ့ခံ ဒဏ္ဍာရီ မဖြစ်ခဲ့ ။
 
နရသိန်ပြန် ယုံကြည်ချက်အကျဉ်းသားတွေ အိုးဝေတေးသံ
ပက်ကြားအက်အနာဂတ်ရင်ထဲ ရဲရဲစီးဆင်း မြေသစ်လွှမ်းစေ
ဟော့ဒီ နှင်းရိုင်အနောက်မဲဇာမှာ ရုပ်ဇရာဖျော့လျော့နွမ်း စိတ်အမောဒဏ်ပိ
ရင်ခွင်ငတ်မိသားတွေ ခန္ဓာလှပ်လှပ် စွဲကပ်သရွေ့  အကြွေးချေကြရင်း
အနှစ်နှစ်ဆယ်ကျော် မကျွတ် မလွတ် စွဲရစ်နှောင်ဖွဲ့  တိုက်ဘက်ကောင်းကို ကြိုနေကြရဲ့ ၊၊
 
ဒေါင်းနီ
၀၁-၁၃-၁၂
( ပြန်လည်လွတ်မြောက်လာသော ယုံကြည်ချက်အကျဉ်းသား
  နိုင်ငံရေးသမားအပေါင်းအား လေးစားစွာဖြင့် ဂုဏ်ယူကြိုဆိုလျှက် ---)

Sunday, December 4, 2011

ကဗျာကျမ်း

ကဗျာကျမ်း
 
ငါသည်
တော်
လှန်ရေးဖြစ်သည်။
တော်လှန်ရေးကို
ယုံကြည်သောလူအပေါင်းတို့သည်
ပရမတ္တများဖြစ်ကြကုန်၏။

ထိုသူတို့ကား
သေလွန်သော်လည်း
ရှင်ပြန်ထမြောက်ကုန်၏။

အို---
လူထုအပေါင်းတို့
အတွင်း၌ကြမ်းတမ်းခက်ထန်သော
မိစ္ဆာစစ်ဘီလူးတို့
သင်တို့အား လိမ်လည်နေကြပြီ
သတိနှင့်ဆင်ယှဉ် တုံ့ပြန်ကြလော.။
(လင်းထက်)