Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Tuesday, November 1, 2011

အညတရတို့ရဲ့ အလွမ်းဇာတ်


(၁)
ဒီနေရာကို ကိုယ်ပြန်ရောက်ခဲ့ရပြန်ပါပြီ ဒေးမူ၊
ကိုယ်ရပ်နေတဲ့ တောင်ကုန်းလေးနဲ့ ဟိုတုန်းက ဒေးမူ ဆော့ပြေး ကစားပြီး အခုတော့ ထာဝရလဲလျောင်း အိပ်စက်နေတဲ့ တောင်ကုန်းကလေးကို ခြားထားတဲ့ ဒူးရင်းခြံတွေ၊ ကွမ်းသီးခြံတွေကို လှမ်းတွေ့နေရတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ ‘အချစ် ည’ ၀တ္ထုထဲက စာသားလေးတခုကိုတောင် ပြေးအမှတ်ရမိသေးတယ်။ ဘာတဲ့ တောင်ကုန်းတခုနဲ့ တခုကို တောင်ခိုးတွေ က ဆက်သွယ်ပေးထားတယ်ဆိုလား ဘာလား။ သိပ်အပြည့်အစုံတော့ မမှတ်မိတော့ပါဘူး။
အဲဒီလိုပဲ ကိုယ်နဲ့ ဒေးမူရဲ့ဘ၀ကိုလည်း ဘယ်အရာက ဆက်စပ်ဆုံစည်းခဲ့စေသလဲ ဆိုတာကို အခုထိ ကိုယ်အဖြေရှာလို့ ကောင်းဆဲပဲ။ တိကျတဲ့ အဖြေတော့ မရသေးပါဘူး။ ချစ်ခြင်းမေတ္တာက အဓိက အဖြေပဲလို့လည်း ကိုယ်က လက်မခံချင် ဘူး။ အဲဒီလို စကားလုံးသုံးရင်လည်း ဒေးမူက ရယ်ဦးမယ်။ ကျမမှ ဒါတွေနားမလည်တာ ဆိုတဲ့ လက်သုံးစကားကို သုံး ရင်းနဲ့လေ။ ဖြစ်နိုင်တာတခုတော့ရှိတယ် ဒေးမူ။ သဘာဝတရားအရကိုက ပြဌာန်းထားချက်တွေ ရှိတယ်။ ကိုယ်တို့ ကြိုက် သည်ဖြစ်စေ။ မကြိုက်သည် ဖြစ်စေ အဲဒီတရားတွေကနေ လွန်ဆန်လို့ မရနိုင်ဘူး။ ဒီထဲမှာ တချက်ရှိတယ်ကွယ့်။ သက် ရှိလောကပဲ ဖြစ်ဖြစ်။ သက်မဲ့လောကပဲ ဖြစ်ဖြစ် မျိုးတူတာကို စုတတ်တဲ့ သဘာဝရှိတယ်။ ကျွန်းပင်ဆို ကျွန်းပင်ချည်းပဲ ပေါက်တာမျိုးပေါ့။ ဒါမှမဟုတ် မျောက်တွေ တစုတစည်းတည်း နေထိုင်တတ်တဲ့ သဘာဝမျိုးတွေ။ ဒီလိုပါပဲ ကိုယ်နဲ့ ဒေးမူ လည်း မျိုးတူလို့ ဆုံစည်းမိတယ်လို့ ထင်မိတယ်။ မျိုးတူတယ်ဆိုတာက လူမျိုးကွဲပြားတာတွေနဲ့လည်း မဆိုင်ဘူး။ ပညာ တတ်ခြင်း မတတ်ခြင်းကိုလည်း ကိုယ်ရည်ညွှန်းတာ မဟုတ်ဘူး။ ကိုယ်တို့ နှစ်ယောက် ဘယ်မှာ မျိုးသွားတူသလဲဆို တော့ အဖိနှိပ်ခံရခြင်းဆိုတဲ့ အကြောင်းတရား သွားတူကြတယ်လေကွယ်။ ကိုယ်တို့ရဲ့ခေတ်အပါအ၀င် ခေတ်အဆက် ဆက်ဟာ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေက ဖိနှိပ်သူ အဆက်ဆက်ကို တုန့်ပြန်တော်လှန်ခဲ့တဲ့ သမိုင်းအဆက်ဆက်ပါ။ နှစ်ရှည်ကြာလာတာနဲ့အမျှ ဟောဒီ အလွမ်းဇာတ်ဟာ အဆုံးမသတ်နိုင်တော့ဘူးလားလို့ မြင်ကြတဲ့အထိကို အားလုံးကို လောင်ကျွမ်းခဲ့တာပါ။
အဲဒီ လောင်ကျွမ်းခံခဲ့ရတဲ့ အရာတွေထဲမှာ ကိုယ်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာထုံလွှမ်းတဲ့ နှလုံးသားတစုံလည်း ပါခဲ့ပါတယ်။ တနည်းပြောရရင် မြန်မာသူပုန်ကောင်လေးတယောက်နဲ့ တောင်ပေါ်သူ ဒေးမူတို့ရဲ့ လူသူမသိနိုင်တဲ့ အလွမ်းဇာတ်ပေါ့။
ဟော့ဒီ ပတ္တလားတောင်ပေါ်ရောက်တိုင်း ရနံ့တွေ၊ အထိအတွေ့တွေ၊ အငွေ့အသက်တွေက ဘာမှ မပြောင်းလဲခဲ့ဘူး ဒေးမူ။ မင်းမရှိတာက လွဲလို့ပေါ့။ မင်းနားမလည်ပေမယ့် ကိုယ်က အတင်းပုံပြောပြသလို ပြောပြခဲ့တဲ့ နေရာလေး မှတ် မိသေးလား။ မင်းအဘိုးရဲ့ ဒူးရင်းသီးခြံထဲက ကြွေကျတဲ့ ဒူးရင်းသီးတွေကို သိမ်းထားတဲ့ ကျင်းလေး လေ။ အဲဒီမှာ ပြော ပြခဲ့တဲ့ ၀တ္ထုတပုဒ် ရှိသေးတယ်မဟုတ်လား။ ဆရာ ဦးကျော်အောင် ဘာသာပြန်တဲ့ ‘အမှောင်ခေတ်က ချစ်သူများ’ ဆိုတဲ့ ၀တ္ထုပေါ့။ အဲဒီ ဇာတ်လမ်းကို နားထောင်ပြီးတော့ ဘာကိုမှမသိတဲ့ ဒေးမူတောင်မှ မျက်ရည်လည်နေခဲ့တယ်။ ပိုလန် ကောင်လေး ပေါလ်နဲ့ ဂျူးမလေး အက်စ်သာရဲ့ ဇာတ်လမ်းပေါ့။ မင်းတောင်မှ ပြောခဲ့သေးတယ်။ အဲဒီလိုများဖြစ်ခဲ့ရင် ကျွန်မ ဘယ်လိုဖြစ်ကျန်မလဲ မသိဘူး။ ဆိုပြီးတော့လေ။ ဘာလို့ဆိုတော့ ကိုယ်က လက်နက်ကိုင် တော်လှန်ရေး သမား လေ။ တိုက်ပွဲတွေဆင်ရင်းနဲ့ သေဆုံးသွားနိုင်တာကိုး။ ဒါပေမယ့် ဇာတ်လမ်းထဲက အတိုင်းပါပဲ။ မင်းက တိမ်းပါးသွားခဲ့ပြီ။ ဇာတ်လမ်းက ဇာတ်လမ်းပါပဲ ကွယ်။ အဖြစ်အပျက်က အဖြစ်အပျက်အတိုင်းပေါ့။ မတူတဲ့ တချက်က ဂျူးမလေး အက်စ် သာက တိုင်းတပါးသား ဖက်ဆစ်နာဇီစနစ်က သတ်ဖြတ်ခဲ့တာ။ ဒေးမူကတော့ ပြည်တွင်းဖြစ် ဖက်ဆစ်တွေကြောင့် ကြေ မွလွင့်စင်ခဲ့ရတာ။
ကိုယ် ကဗျာတပုဒ် ဖတ်ရတယ်။ ကဗျာခေါင်းစဉ်က ‘လွမ်းစေတီ’ တဲ့၊ မိုဃ်းဇော် ဆိုတဲ့ ကိုယ်တို့ရဲ့ ပြည်မက ကဗျာဆရာ တဦး ရေးတာ။ တပုဒ်လုံး ကြိုက်တယ်။ ဒါပေမယ့် စာသားလေးတခုကိုတော့ မှတ်မှတ်ရရ ဖြစ်မိတယ်။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်
အငွေ့အသက်တွေ ကျန်ရစ်ခဲ့တယ်။
ဒီလိုပါပဲ ဒေးမူ။ အဖြစ်အပျက်တွေဆိုတာ သမိုင်းတွေမဟုတ်လား။ ၀မ်းသာစရာကောင်းတဲ့ သမိုင်းတော့မ ဟုတ်ပါဘူး။ ရှိပြီးသား အငြိုးအတေး အာဃာတတရားတွေကို ပိုပိုပြီး တောက်လောင်စေမယ့် အစိတ်အပိုင်းလေးတခုပေါ့။
(၂)
ကိုယ်တို့ စတွေ့ခဲ့ရာ မင်းအဘိုးရဲ့ ဒူးရင်းခြံထဲက တဲကလေးဆီကို စိတ်ကပြေးသွားပြန်တယ်။ မင်းအဘိုးကို ဆေးကုဖို့ ရောက်လာတဲ့ ဆေးမှူးသူပုန်လေးတယောက်ကို မီးဖိုချောင်ကွယ်ကနေ မျက်ဝန်းနက်နက် ကလေးနဲ့ ကောင်မလေး တ ယောက်က စူးစူးရှရှ လေ့လာအကဲခတ်နေတဲ့ မြင်ကွင်းကိုလေ။ အဲဒီ သူပုန်လေးက ကိုယ်ဖြစ်ပြီး မျက်ဝန်းနက်ကလေးက ဒေးမူဖြစ်လိမ့်မယ်ဆိုတာကို အဲဒီအချိန်တုန်းက ဘယ်သူက သိခဲ့ကြမလဲ။ ကာယကံရှင်နှစ်ဦး ကိုယ်တိုင်တောင်မှ မရိပ် စားမိခဲ့သေးတဲ့အချိန် မဟုတ်လား။
ဒေးမူရဲ့ အဘိုးကို ဆေးကုပေးနေရင်း မင်းနဲ့ ကိုယ်နဲ့ ပိုပိုပြီး နီးစပ်လာခဲ့တယ်။ တဖြည်းဖြည်းချင်း ရင်းနှီးမှုတွေ ပိုတိုးလာ ခဲ့တယ်။ အဲဒီအချိန်က ဒူးရင်းသီးတွေ ဖြိုင်ဖြိုင်ပေါ်တဲ့ ကာလလေ။ ဒူးရင်းသီးဆိုမှ ကိုယ်တို့က ဒူးရင်းသီး အရမ်းကြိုက် တာ မှတ်မိသေးတယ် မဟုတ်လား။ ကြိုက်တယ်ဆိုတာထက်ကွယ် အဓိကက စားစရာမရှိလို့ ဒူးရင်းသီးကို ထမင်းနဲ့ နယ် စားရတာလို့ပြောရင် ပိုမှန်မယ်ထင်ရဲ့။ အဲဒါကို မင်းကသိသွားပြီး မင်းအဘိုးရဲ့ ဒူးရင်းသီးကြွေတွေကို သိမ်းထားတဲ့ နေရာ ကို မင်းကခိုးပြတော့ အဘိုးက ဆူသေးတယ်လေ။ နောက် ဒူးရင်းသီး အစားများပြီး ရင်တွေပူတော့ မင်းဂွတ်သီးစားဖို့ အကြံပေးတာတွေ။ စခန်းချတဲ့နေရာမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ အတွက် ဒူးရင်းသီးများများသယ်သွားမယ်ကြံတော့ မင်းက အခွံနွှာပြီး အသားချည်းသက်သက် သယ်သွားဖို့ အကြံပေးခဲ့တာတွေ။ ဘာပဲပြောပြောပေါ့ ချစ်သူရယ်။ မင်းနဲ့ ထိရှခဲ့တဲ့ အရာတိုင်းဟာ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲ ဖြစ်ဖြစ် အလွမ်းတွေချည်းသက်သက်ပဲ။
မင်းအဘိုးကို ဆေးကုပေးပြီးနောက်ပိုင်း မင်းရော ကိုယ်ရော စိတ်ထဲက တွေ့ချင်တာကို ဘယ်လိုမှ ထိန်းသိမ်း မရအောင် ဖြစ်ခဲ့ပြီး ဆုံဖြစ်အောင် အခွင့်အလမ်းတွေ ရှာခဲ့ကြတယ် မဟုတ်လား။ ချစ်ခြင်း မေတ္တာဆိုတာက ကန့်သတ်လို့ ရတဲ့အရာ မှ မဟုတ်တာ။ လူမျိုးရေးတွေ၊ ဘာသာရေးတွေ၊ လူမှုရေး အလေ့အထတွေက ဘယ်လိုပဲကွာကွာ ဒါတွေကလည်း ချစ် ခြင်းမေတ္တာအတွက် အဟန့်အတားလေး လောက်ပါပဲ။ တကယ်တမ်း တဦးနဲ့တဦး မြတ်နိုးသွားပြီဆိုတဲ့ အချိန်ရောက် တော့ အားလုံးဟာ နောက်ကောက်ကျ ပြိုလဲခဲ့ရတာပဲ မဟုတ်လား။
(၃)
ရာသီဥတုဝင်းပတဲ့ အချိန်တွေမှာ ဟိုးမြေပြန့်က လယ်ကွင်းတပြန့်တပြောကြီးကို ကျော်ဖြတ်ပြီး ကြည့် လိုက်ရင် ပဲခူးရိုးမ တောင်တန်းကို ရေးရေးလေး မြင်ရတဲ့ တောင်ကုန်းလေးတကုန်းမှာထိုင်ပြီး စကားပြောခဲ့ဘူးတာ မှတ်မိဦးမယ်ထင်တယ်။ ဒေးမူက “အဲဒီမှာရော ဗမာတောင်ပေါ်သားတွေ နေတာလား” ဆိုတာကိုလေ။ ကိုယ်ရုတ်တရက် မှင်သက်မိသွားတယ်။ ဘာပြန်ပြောရမလဲဆိုတာ စဉ်းစား နေမိတယ်။ အေးပေါ့လေ ဒေးမူက အရှေ့ရိုးမရဲ့ သမီးပျိုဆိုတော့ အဲဒီမှာနေတဲ့ သူ တွေဟာ လူမျိုးစုံ ရောနှော နေထိုင်ခဲ့တယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ကိုယ်က ပဲခူးရိုးမရဲ့ သမိုင်းကို ပြန်ရှင်းပြတော့ တွေတွေငေးငေးနဲ့ ဟုတ်လို့လားဆိုပြီး တွေးနေပုံရတယ်။ နောက်မှ ထပ်မေးတယ်။
“ဒါဆို အဲဒီမှာလည်း စစ်ဖြစ်တာပေါ့နော်” “ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ စစ်ပွဲတွေမဖြစ်တော့ဘူး။ နောင်ကျရင် ထပ်ဖြစ်ဦးမှာပဲ” လို့ ပြန်ရှင်းပြတော့ “စစ်ကလည်း မပြီးနိုင်တော့ဘူးနော်”လို့ ဒေးမူက ဆိုပြန်တယ်။ “ဘယ် ပြီးနိုင်မလဲ။ ဒေးမူရယ်။ ဒီစစ်အုပ်စု အဲ … ဒေးမူတို့ ပြောပြောနေတဲ့ ဗမာစစ်တပ် ရှိနေသရွေ့ စစ်ပွဲတွေက ရှိနေဦးမှာပဲ” ကိုယ်ပြန်ပြောတော့ ဘာမှပြန်မပြောတော့ဘဲ လက်ထဲက ကိုင်ထားတဲ့ သစ်ကိုင်းနဲ့ ခြုံပုတ်တွေကို ရိုက်ရင်း ဒေးမူက ၀င် လုဆဲဆဲနေကို လှမ်းကြည့် နေခဲ့တယ်။ ဖြူစင်လှတဲ့ ဒေးမူကို နားမလည်နိုင်တဲ့ စကားလုံးတွေနဲ့ ကိုယ်အနှောင့်အယှက် မပေးချင်တာကြောင့် မြန်မာပြည်တ၀ှမ်းလုံးဟာ စစ်မီးလျှံတွေ တောက်လောင်နေတယ်ဆိုတာ အဲဒီတုန်းက မရှင်းပြခဲ့ပါ ဘူး။ တကယ်တော့ ကိုယ်တို့နှစ်ဦးဟာ လည်း ဘယ်အချိန်မှာ ဘယ်သူက အဲဒီစစ်မီးလျှံတွေရဲ့ တောက်လောင်ခြင်း ခံရ မလဲဆိုတာ အနာဂတ္တိဆရာတွေလည်း ရှင်းပြနိုင်မှာ မဟုတ်ပါဘူးကွယ်။
(၄)
“ဆေးမှူးနဲ့ ချစ်ရတာ အားငယ်တယ်” ဒူးရင်းတောထဲမှာ လမ်းလျှောက်ရင်း စကားပြောတဲ့ တညနေ ရုတ်တရက် ဒေးမူ ပြောစကားကြောင့် အံ့အားသင့်သွားခဲ့တယ်။ အလောသုံးဆယ် ပြန်မေးမိတယ်။ “ဆေးမှူးက ပညာတတ်တယ်။ ဒေးမူက ဘာမှမတတ်ဘူး။ နောက် ဆေးမှူးက တောင်ပေါ်အလုပ် ဘာမှမလုပ်တတ်ဘူး။ ဟိုတနေ့က အမိုးကို ဆေးမှူးလက်လေး တွေက ချောမွေ့နေတာပဲလို့ပြောတော့ အမိုးကပြန်ပြောတယ်။ သိလား။ ချောမွေ့မှာပေါ့ အလုပ်မှမလုပ်တာဆိုပြီး” ကိုယ် ဟက်ဟက်ပက်ပက် တချက်ရယ်လိုက်မိတယ်။ “ဘာရယ်တာ လဲ။ ဒီကအကောင်းပြောနေတာ” လို့ဆိုတော့ မျက်နှာပိုး သတ်ပြီး ရှင်းပြရပြန်တယ်။ ပညာတတ်ခြင်း မတတ်ခြင်းနဲ့ ပညာတတ်ပြီး အမှန်တရားကို မမြင်သူတွေ၊ သွေဖယ်သူတွေ၊ ဖောက်ပြန်သွားသူတွေ၊ စစ်တပ်ဘက် ရပ်တည်သွားသူတွေအကြောင်းပေါ့။ ပြီးတော့မှ တွေးတွေးဆဆပုံစံမျိုးနဲ့ “အဲဒီလို လူတွေရော ရှိလား” “ရှိတာပေါ့၊ အဲဒီလိုလူမျိုးတွေက လူမျိုးတိုင်းမှာ ရှိနိုင်တယ်။ နောက် ကိုယ်တို့တော်လှန်ရေးသမား တွေထဲမှာလည်း ရှိနိုင်တာပဲ” လို့ ကိုယ်ပြောတော့ “ကျွန်မတော့ မစဉ်းစားတတ်တော့ဘူး။ ဆေးမှူးရော အဲဒီထဲမှာ ပါ သွားမှာလား။ အဲဒီအခါကျရင် ကျွန်မကတော့ ကျန်ခဲ့မှာပေါ့နော်” ကိုယ်အကျပ်ရိုက်သွားခဲ့တယ်။ “မပါပါဘူး ဒေးမူရယ်၊ မပါပါဘူး၊ ဒေးမူလည်း မကျန်ခဲ့ပါဘူး”လို့ ပြန်ဖြေမိတယ်။ အဲဒီလိုမေးတတ်အောင် ဘာအတန်းပညာမှ မတတ်ရှာတဲ့ ဒေးမူကို ဘယ်အရာက သင်ပေးလိုက်တာလဲ။ ကိုယ်နားမလည်နိုင်တော့ဘူး။ ဘ၀အတွေ့အကြုံကပဲ လား။ မေတ္တာတရားကလား။
အခုအချိန်မှာတော့ ဒေးမူရှိရင် ကိုယ်ခေါ်ပြချင်ပါတယ်။ ကိုယ်ရှိနေသေးတယ်ဆိုတဲ့အကြောင်းနဲ့ ကိုယ် ပြောခဲ့သလို ပညာတတ်ပြီး ဖောက်ပြန်သွားတဲ့ လူမျိုးစုံတော်လှန်ရေးသမားတွေရဲ့ အကြောင်းကိုလေ။
(၅)
ဒီလိုနဲ့ ကိုယ်တို့ဇာတ်လမ်းဟာ ခဏတာနားဖို့ ဖြစ်လာတယ်။ မာနယ်ပလောမှာ တိုက်ပွဲတွေဖြစ်နေပြီတဲ့။ ကြေးနန်းဝင် လာတယ်။ ကိုယ်တို့စစ်ကြောင်းကို အမြန်ဆုတ်လာပါလို့ ညွှန်ကြားထားတယ်။ ဒါနဲ့ ဒေးမူဆီကို နှုတ်ဆက်ရင်းသွားပြော တော့ ဒေးမူက “သွားပေါ့ ဆေးမှူးရယ်။ ဒါပေမယ့် တိုက်ပွဲပြီးရင်သာ အရောက်ပြန်လာခဲ့နော်။ ရွာထဲမှာက ဆေးမှူးနဲ့ ကျွန်မ အကြောင်းကို အားလုံးက သိထားကြတယ်” ကိုယ်တို့နှစ်ဦး စကားတွေ ဆက်မပြောနိုင်တော့ဘူး။ တယောက်နဲ့ တယောက်လည်း စိုက်ကြည့်မနေကြဘူး။ ပဲခူးရိုးမကိုတွေ့ရတဲ့ တောင်ကုန်းလေးအထက်မှာ။ နေရောင်ဖျော့ဖျော့ အောက်မှာ ၀န်းကျင်တခုလုံးကလည်း မြက်ရိုင်းတွေကို လေ၀င်တိုးတဲ့ အသံကလွဲလို့ ဆိတ်ငြိမ်လို့။
“ကိုယ်ပြန်လာခဲ့ပါမယ်။ အားလုံးပြီးသွားရင် ဟိုးမြင်ရတဲ့ တောင်တန်းတွေဆီကို၊ လယ်ကွင်းတွေဆီကို ဒေးမူကို ကိုယ် ခေါ်သွားမယ်” လို့ ကိုယ်ပြောတော့ “ကျွန်မလည်း ဆေးမှူးကို စောင့်နေမယ်လေ။ တကယ်လို့ ဒီတိုက်ပွဲပြီးလို့ ဆေးမှူး ပြန် မရောက်လာခဲ့ရင် ဆေးမှူးပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့မယ်ထင်တယ်” ဆိုပြီး ပြန်ပြောတဲ့ ဒေးမူရဲ့စကား ကိုယ်အခုထိ နားထဲစွဲနေတုန်းပဲ။
(၆)
ဒီလိုနဲ့ ကိုယ်တို့ မာနယ်ပလောခုခံရေးစစ်မှာ ၆ လတာ ခံစစ်ဆင်ခဲ့ရတယ်။ တိုက်ပွဲပြီးချိန် အခိုက် အတန့်လေးတွေမှာ ဒေးမူကို သတိရနေမိတယ်။ နောက်တခုက စိုးရိမ်မိတယ်။ ရွာထဲက ပြောဆိုမှု တွေကြားမှာ ဒေးမူ ကိုယ်ခံအားကျဆင်းပြီး နောက်တယောက်ကိုများ လက်လှမ်းသွားပြီလားဆိုတာကို။ ဒီလိုနဲ့ ကိုယ်တို့လည်း မိုးကာလအစပြုတော့ ခံစစ်ကုန်းပေါ် ကနေ ပြန်ဆင်းလာခဲ့တယ်။ တပ်ရင်းစခန်းမှာ ခဏနားပြီးနောက် ဒေးမူတို့ ဒေသကို တခေါက်ပြန်ရောက်လာခဲ့တယ်။ ဒီ တခေါက်ဟာ ကိုယ့်ရဲ့ အလွမ်းဇာတ် အစပြုမယ်ဆိုတာ လုံးလုံး မရိပ်မိခဲ့သေးဘူး။ ကိုယ်တို့မရောက်ခင် တပတ်အလို လောက်မှာ ဒေးမူတို့နေတဲ့ ဂွင်ထဲ ရန်သူတပ်ခွဲတခွဲ ရောက်လာတာကို သိရတယ်။ ဒေသခံတပ်နဲ့ တိုက်ပွဲတွေဖြစ်တာကို သိရတယ်။ ကျန်တာ ပြည့်ပြည့်စုံစုံတော့ မသိရဘူး။ စစ်ကြောင်းက ဒေးမူတို့ ဂွင်စပ်ကို ခြေချပြီး ဒေသခံ တပ်မှူးက အရှေ့ကိုဆင်းဖို့ပြောတော့ ကိုယ်တို့ စစ်ကြောင်း ဆက်ဆင်းလာခဲ့တာ အဲဒီမှာတင် သတင်းကြားရတော့တယ်။
(၇)
“ကျနော်တို့ တပ်ရောက်သွားတော့။ ရန်သူ့တပ်က ထွက်သွားတာ နာရီဝက်လောက်ပဲရှိသေးတယ်။ ဘာလို့ဆိုတော့ ဆေး မှူးရဲ့ ကောင်မလေး ခန္ဓာကိုယ်က နွေးနေတုန်းပဲ” ဒေသခံရဲဘော်တဦးရဲ့ ရှင်းပြနေသံက မကြားတချက်၊ ကြားတချက်။ အားလုံးပေါင်း ရွာသူရွာသား တဆယ့်လေးယောက် အသတ် ခံခဲ့ရတာတဲ့။ ဒေးမူကို တပ်စုတစုလောက်ရှိတဲ့ စစ်ခွေးတွေ က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့တာတဲ့။
နားထဲကို ချော်ရည်တွေ လောင်းချလိုက်သလိုပါပဲ။ အဲဒီအချိန်မှာ ဒေးမူစိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲ။ ကိုယ်တွေးဖို့ တောင်မှ ကြောက်နေခဲ့တယ်။ နာကျင်မှုတွေ၊ ရှက်ရွံ့မှုတွေ၊ ကြောက်လန့်မှုတွေ၊ ခါးသည်း မုန်းတီးမှုတွေ ဘယ်လို ဝေဒ နာတွေများ တကိုယ်လုံး တောက်လောင်နေခဲ့မလဲ။ ဟော့ဒီ မြေပုံမို့မို့အောက် မှာ မင်းလဲလျောင်းနေတာတဲ့။မင်းဝိဉာဉ်က ကိုယ့်ကို စောင့်ကြည့်နေမှာလား။ ဗမာဆိုပြီး မုန်းတီး နာကျည်းတဲ့ အကြည့်နဲ့လား။ ဒါမှမဟုတ် ကျွန်မကိုသာ လွမ်းရစ်နေ ပေတော့ဆိုတဲ့ ကျိန်စာနဲ့လား။ သေချာတာကတော့ ကျိန်စာနဲ့သာ တိုက်ထားခဲ့ပါ ဒေးမူ။
ပဲခူးရိုးမကို မြင်ရတဲ့ တောင်ကုန်းကလေးအထက်ကို ကိုယ်တက်လာခဲ့မိတယ်။ “ဆေးမှူးပြောပြတဲ့ စာအုပ်ထဲကအတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရ တော့မယ် ထင်တယ်” ဆိုတဲ့ ကိုယ်နား ထဲစွဲကျန်ဆဲ ဒေးမူစကားလေ။ အခုတော့ ကိုယ်က အတိတ်တွေကို ပြန်ပြောပြမယ့် တောင်တန်းတွေကို ဒေးမူကိုယ်စား တသက်လုံး မျှော်ငေးနေရပါပြီ။ ဆက်ပြီးတော့လည်း မျှော်ငေးနေရဦးမှာပါ။ ဟောဒီလောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီး ကြီး မပြီးဆုံးသရွေ့ပေါ့။ ဒီစစ်ကြီး မပြီးဆုံးသရွေ့လည်း လူမသိ သူမသိ အညတရတွေရဲ့ အလွမ်းဇာတ်တွေဟာလည်း ဆက်ဖြစ်နေဦးမှာပါ။ ကိုယ်နဲ့ ဒေးမူအဖြစ်အပျက်ကလည်း အဲဒီထဲမှာ တပုဒ်အပါအ၀င်ပေါ့။
(၁၉၉၂ ခုနှစ်အတွင်း၊ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊ ကေအဲန်အယ်လ်အေ အမှတ် ၈ တပ်ရင်း၊ ပတ္တ လား တောင်အနီးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အား အခြေခံပါသည်။)
ပွင့်သစ်(ကရိန်ကန်)
(နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်၊မတ်လ၊ ၂၀၀၇ ခုနှစ်မှ …)

Saturday, March 12, 2011

တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ...

တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ...

ရေးသူ - ဒေါ်အောင်ဆန်းစုကြည်

ထောင်တွင်းရောက်ရှိနေကြသော လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းများသည် အလွန်ညံ့ဖျင်းသည့် မနေအပ်သော ထောင်အကျဉ်းခန်းများတွင် ကာလရှည်စွာထောင်အချခံရစဉ် မိသားစုသဖွယ်ဖြစ်ခဲ့ကြရ သော သတ္တဝါငယ်လေးများ၊ ငှက်များ၊ ပိုးမွှားလေးများအကြောင်းများကို တခါတရံ စာမြုံ့ပြန်တတ်ကြပါ သည်။

တွေ့ဆုံပြောဆိုခန်း၏နံရံများနှင့် ဘားတန်းများတွင်တွေ့ရတတ်သည့် ကြောင်များသည် အထီးကျန်ဖြစ် နေကြသည့် အကျဉ်းကျများ၏ မေတ္တာကိုရယူရန် ချဉ်းကပ်တိုးဝင်တတ်ပါသည်။ ယင်းအကျဉ်းသားများ ကလည်း သက်ရှိသတ္တဝါများကို အဖော်ပြုနိုင်အတွက် မိမိတို့၏စားကြွင်းစားကျန်လေးများဖြင့် အလဲ အလှယ် လုပ်တတ်ပါသည်။

အင်းစိန်ထောင်၏ပရဝဏ်တွင် အချိန်တို နှစ်ကြိမ်ကာလ နေခဲ့ရစဉ်အတွင်း ကျွန်မသည် ကြောင်တကောင် မျှမတွေ့ခဲ့ရပါ။ သို့သော် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ်တလျှောက်လုံး ကျွန်မသည် ကြောင်များ ကို အမြဲတွေ့နေရပါသည်။

အဖိုးဖြစ်သူက “ပူစီ ပူစီ ပူစီ”လို့ခေါ်သံကို ပြန်ထူးသည့်ကြောင်ကြီး (ကျွန်မ၏ကလေးမျက်စိမှာတော့ အတော်ကို ကြီးပါသည်။)ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဦးဆုံးသိမြင်ခဲ့ရသော်လည်း ကျွန်မသည် ကြောင်ထက် ခွေးကို ပိုချစ်ပါသည်။ ကျန်မိသားစုများကလည်း အဖိုး၏ကြောင်ဖြစ်၍ အဖိုးကိုလေးစား စွာဖြင့် “ပူစီ ပူစီ ပူစီ”လို့ ခေါ်ကြပါသည်။

ခွေးများကို လမ်းများပေါ်တွင် ဝဲစွဲလေလွင့် ခွေးဗန္ဓတ်များ သို့မဟုတ် လူကြီးများက အိမ်နောက်ဖေး မီးဖို ဆောင်များမှမောင်းထုတ်လေ့ရှိသည့် မလိုလားသောကျူးကျော်သူများအဖြစ်သာ ကျွန်မသိထားခဲ့ပါသည်။

ခေါင်းမာသောခွေးမတကောင်ကတော့ မီးဖိုဆောင်မှ ဆွဲထုတ်အမောင်းခံရခြင်းကိုအာခံလျက် အမှိုက်များ ဖွသွားခဲ့ပါသည်။

လွန့်လွန့်လူးလူးသွားလာနေသော ခွေးငယ်အုပ်ကို ကျွန်မ စိတ်ကူးအလွန်ယဉ်ခဲ့ပါသည်။ ကျွန်မ၏ ပထမ အိပ်မက်ကတော့ ခွေးအုပ်ငယ်တွေပဲဖြစ်ပါသည်။ အဲဒီအချိန်တုန်းကတော့ ဒါကို အိပ်မက်လို့ မထင်ခဲ့ပါ။ ခွေးငယ်တအုပ်ဟာ တကယ်ပဲ ကျွန်မခြေထောက်တွေကို ကျော်လွှားပြေးလွှားနေတယ်လို့ ထင်မိခဲ့ပါသည်။ အိပ်ရာမှနိုးတော့ သူတို့ကိုမတွေ့ရတော့ပါ။ ဘာတွေဖြစ်ပျက်တယ်ဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ပါ။ စိတ်အတွေးတွေ အားလုံးရှုပ်ထွေးနေပါတော့သည်။

၁၉၅၀ ခုနှစ်၏ အစောပိုင်းလများတွင် ရန်ကုန်၏လမ်းများပေါ်၌ စိတ်ဝင်စားဘွယ် ပို့ဆောင်ရေးယာဉ်များနှင့် ပြည့်နှက်လျက်ရှိနေခဲ့ပါသည်။
ထောင့်ကျကျဘတ်စ်ကားများ၊ ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသော ဂျစ်ကားများ၊ စစ်ကြိုဆလွန်းကားများ၊ ဆိုက်ကားများ(စက်ဘီးဘေးတွင် ကျောချင်းကပ်ခရီးသည် ၂ ဦးထိုင်ခုံကိုဘေးတွင်ကပ်ပြုလုပ်ထားသည့် ယာဉ်) နှင့် လံခြားများဖြစ်ကြပါသည်။
နွမ်းနယ်ဟန်ပေါ်ကာ ပိန်လှီပြီး ခြေထောက်များကြောက်စရာအနာများရှိနေတတ်သော မြင်းများတပ်ဆွဲ သည့် ပေါင်းမိုးပါမြင်းလှည်းများလည်းရှိပါသည်။ သူတို့ကိုမြင်တွေ့ရသည်မှာ နှလုံးမချမ်းမြေ့ဘွယ် မြင်ကွင်း ဖြစ်ရပါသည်။ ယင်းနှင့်ဆက်စပ်ကာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်သည့်အသင်း (SPCA - Society for the Prevention of Cruelty to Animals)ကို ကျွန်မ စတင်လေ့လာမိတော့ပါသည်။

အခြားသောမြင်းအမျိုးအစားကို ကျွန်မ မကြာခဏ တွေ့မိခဲ့ပါသည်။ အမေရိကန်အနောက်တိုင်း ဇာတ် ကြမ်းရုပ်ရှင်များတွင် ဖြစ်ပါသည်။ သန်စွမ်း၊ မြူးကြွ၊ တဟုန်ထိုးခုန်ပေါက်၊ ခွါဆုံပေါက် ထွားကြိုင်းသော ထိုမြင်းများသည် ရန်ကုန်မှ ညီကိုတော်မြင်းများနှင့် အမျိုးတူများဖြစ်နေသည်ကို ယုံနိုင်စရာ ခက်ခဲနေရ ပါသည်။

သို့သော် မြင်းစီးသူ၏ဘိနပ်တွင်တပ်ဆင်ထားသော မြင်းကိုဆောင့်သည့်အချွန်များကိုမြင်လိုက်ရသောအခါ SPCA သည်လည်း အနောက်နိုင်ငံများတွင် ကျွန်မနိုင်ငံကလမ်းများပေါ်တွင်မှာလို အသုံးမဝင်ပါကလားလို့ အံ့သြမိခဲ့ရပါသည်။

ကျွန်မမိခင် မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရသော အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြင်းများနှင့် ကျွန်မအကျွမ်းဝင်ခဲ့ရပါသည်။ ကျွန်မ၏ပထမမြင်းစီးသင်ခန်းစာများမှာ အဖြူနှင့်အုန်းခွံရောင်အကွက်အ ကျားအရောင်ရှိ လုံးပတ်ထွားပြီး သဘောထားမသေချာသည့် “ပရေရီ အွိုက်စတာ”အမည်ရှိ မြင်းငယ် ကလေးပေါ်တွင်ဖြစ်ပါသည်။

နောက်ပိုင်းတွင် မြင်းစီးကလပ်ကိုဝင်ရောက်ခဲ့ကာ ရဲစွမ်းသတ္တိအမည်များဖြစ်သော “ဘလက်ပရင့်စ်”၊ “ပရင့်သ်ဗီရာ့ဂ်ျ”နှင့် “သျှီဗဂျိ” တို့၏ကျောပေါ်ရှိကုန်းနှီးပေါ်တွင်တက်စီးခဲ့ပါသည်။ “ဘလက်ပရင့်စ်” သည် ကျွန်မ၏အချစ်တော်မြင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ချောချောမွေ့မွေ့ ပြေးသားကျကာ သက်တောင့်သက်သာကုန်းနှီး ‘က’လျက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်မသည် မြင်းစီးထူးချွန်သူ အဖြစ်တော့ မတော်ခဲ့ပါ။

အင်္ဂလန်တွင် တက္ကသိုလ်ကျောင်းသူဘဝတွင် ခွေးချစ်သူများလောကသို့ ကျွန်မဝင်ရောက်ခဲ့ပါသည်။

ကျွန်မ၏ကျောင်းအားလပ်ရက်များတွင် အင်္ဂလိပ်သူငယ်ချင်းများ၏အိမ်များတွင် အချိန်ဖြုန်းလေ့ရှိရာ မိသား စုအလယ်တွင် ခွေးချစ်သူတဦးကို အံ့သြဘွယ်မရှိ မကြာခဏတွေ့ရပါသည်။

အဝလွန်ကာ လိမ့်လိမ့် လိမ့်လိမ့်ဖြင့်သွားတတ်သော မျက်စိတဘက်တွင် အနက်ကွက်ရှိ “ဆေလာ”ခေါ် စတက်ဖို့ဒ်ရှိုင်းယား တယ်ရီယားမျိုး ခွေးလေးတကောင်ကိုလည်းတွေ့ခဲ့ဘူးပါသည်။ သူသည်အဝေးမှနေ၍ ဂျင်အရက်နံ့ကိုခံတတ်ပါသည်။ ညင်သာလျက် သဘောကောင်းသည့် အိမ်ရှင်ကောင်းလည်းဖြစ်ပါသည်။

နောက်တကောင်ကတော့ “ဟဲန်ဒ် ဆမ်း”အမည်ရှိ ရွှေရောင် လာဘရာဒါ ခွေးလေးပါ။ ထွားပြီး ချစ်စရာ ကောင်းပါသည်။ သူ့သခင် အငြိမ်းစားဗိုလ်မှူးကြီးထံမှ အထင်အရှားအမွေခံထားသကဲ့သို့ သက်ကြီးလောက ၏ လောကွတ်ပျူငှာသော အသံဖြင့်ဆီးကြိုဆက်ဆံပါသည်။ သူ့သခင်မှာလည်း လူကြီးလူကောင်း နှင့်အရာရှိတဦး၏ပင်ကိုယ်အရည်အချင်းဉာဉ်ဖြင့် အများ၏ “ဦးလေးကြီး”အဖြစ် လူတိုင်း၏အချစ်တော် ဖြစ်နေခဲ့သူပါ။

“ဆေလာ”နှင့် “ဟဲန်ဒ် ဆမ်း”တို့ကို ကျွန်မ၏သူငယ်ချင်းများအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အရေးပေါ်အဒေါ်၏ အယ်ဇေးရှင်း “အင်မ်ပလီ”ကတော့ မိသားစုပါ။ ကျွန်မ ကုလသမဂ္ဂမှာ အလုပ်လုပ်စဉ် ကျွန်မတို့ ၃ ယောက် မဲန်ဟတ်တန်မှာ အတူနေခဲ့ကြပါသည်။
ခွေးများသည် သခင်များကိုအတုယူသည်ဟူသော ဆိုရိုးအတိုင်းအမှန်ပင် “အင်မ်ပလီ”၏သဘောထား သည် ကျွန်မအပေါ် အမိသဖွယ်ကာကွယ်စောင့်ရှောက်ပါသည်။ ကျွန်မအပြင်ထွက်၍ နောက်ကျနေလျှင် အပြစ်တင်မှုအနည်းဆုံးဖြင့် စိတ်ရှည်စွာစောင့်မျှော်နေတတ်ပါသည်။ သူ မသိသောလူများလာလျှင်လည်း ထိုသူများ ဆိုဖာခုံပေါ် ကျွန်မဘေးတွင် ဝင်မထိုင်မိစေရန် အသေအချာဂရုစိုက်တတ်ပါသည်။

၁၉၇၂ ခုနှစ် လက်ထပ်ပြီးပြီးခြင်း မိုက်ကယ်နှင့်ကျွန်မတို့ ဘူတန်တွင်နေထိုင်ရန် ရောက်ရှိချိန်တွင် ကျွန်မတို့၌ ကိုယ်ပိုင်ခွေးတကောင် ရရှိခဲ့ပါသည်။ သူသည် အဖြူနှင့်အညိုအရောင်စုပေါင်းထားသည့် ခွေးငယ်လေးအနေနှင့်ရောက်ရှိလာခဲ့ပါသည်။ သူကို သင့်တော်သောနာမည်ပေးရန် စဉ်းစားရအလွန်ခက် ခဲ့ပါသည်။ နောင်လပေါင်းများစွာ အလေးအနက်စဉ်းစားပြီး နောက်ဆုံးမတော့ ရောက်ခါစက သူ့ကို ခေါ်ခဲ့သည့် “ပါပီ”ဟူသောအမည်ဟာ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြပါသည်။ သူငယ်လွန်းချိန်မှာတော့ ကျွန်မ၏လည်ပင်းကိုဖက်လျက်အိပ်ခဲ့ပါသည်။ မိုက်ကယ်၏ အိပ်ရာထဲစီး ဖိနပ်၏ အမွေးပွ သည်းကြိုးများနှင့်လည်း မှန်မှန်နပန်းသတ်ခဲ့ပါသည်။

အရွယ်ရောက်လာတော့ ရာသီအလိုက် ခရီးသွားတကောင်ဖြစ်လာခဲ့ပါသည်။ ကမ္ဘာတခြမ်းခရီးထွက်ရာ တွင် ကျွန်မတို့နှင့်အတူတကွ မြဲမြံခိုင်မာစွာအဖော်ပြုလိုက်ပါခဲ့ပါသည်။ ကျွန်မတို့၏ သားများ လူ့လောက ရောက်လာတော့လည်း သူက အကျိုးပြုဆောင်ရွက်လျက် ပါးရေတွန့်မျက်လုံးများနှင့် စောင့်ကြည့်ထိန်း ကျောင်းပေးခဲ့ပါသည်။

ဂုဏ်သရေရှိ ခွေးအိုကြီးအနေနှင့် ကျွန်မတို့အောက်စဖို့ဒ်အိမ်ထောင်၏အမှတ်အသားအဖြစ် မိတ်ဆွေများ နှင့်မိသားစုမှ ကောင်းစွာအကျွမ်းဝင်သိရှိကြခဲ့ပါသည် (လေးစားခံရသည်ဟု ကျွန်မထင်မြင်ပါသည်)။ “ပါပီ” သည် အသက်မှည့်ရွဲသော ၁၉ နှစ်သားတွင် သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မလည်း မြန်မာ နိုင်ငံမှာ အကျယ်ချုပ်အချခံနေရပါသည်။


ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်။

(၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ ANIMAL TALK ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ )

ဘာသာပြန်သူ - မောင်မောင်လှကြိုင်
၂၀၁၁ မတ်လ ၀၇။


မှတ်ချက်။   ။ဆုံဆည်းရာဘလော့မှပြန်လည်ကူးယူဖော်ပြသည်။