Showing posts with label ဆောင်းပါး။. Show all posts
Showing posts with label ဆောင်းပါး။. Show all posts

Monday, December 5, 2011

ဒေါ်စုရွေးကောက်ပွဲဝင်အရွေးခံမည့်အပေါ်သုံးသပ်ချက်။

Articles From Khin Yadanar's Facebook

Monday, July 18, 2011

ကိုတင်မောင်ဦးမှသည် လူမသေပြည်မပျက်အထိ (၂ - ခ)

ကိုတင်မောင်ဦးမှသည် လူမသေပြည်မပျက်အထိ (၂ - ခ)

by Nyo Htet on Sunday, July 17, 2011 at 7:54pm
ထို့အပြင် ပြောရန်ရှိသေးသည့် အတွေ့စများသည်က … …
ဗမာပြည်နိုင်ငံရေးသည် အဆင့်အလိုက် ခေတ်ကာလအလိုက် နိုင်ငံရေးယဉ်ကျေးမှုအလိုက် နိုင်ငံရေးတာဝန်ယူမှု ပြောင်းလဲဖြစ်တည်ခဲ့သည်ကို ပြောခဲ့သည်။ မှန်သည်။ ယနေ့ကာလသည် ၁၃၅၀ ပြည့်အရေးတော်ပုံနိုင်ငံရေး၏ အဆက်ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးတွင်ရခဲ့သည့် အမျိုးသားညီညွတ်ရေးသည် လွတ်လပ်ရေးနှင့်အတူ ပြန်လည်ပြိုကွဲခဲ့ရသည်။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုသည်ကို အချင်းပွားခဲ့ကြသည်။ မကြာသေးခင်အချိန်အထိ အချင်းပွားခဲ့ကြသည်။ ဦးကျော်ငြိမ်းနှင့် ဗမာပြည်ဆိုရှယ်လစ်ပါတီအကြောင်းကို လူပြောများကြသည်။ ကျနော်က ပထမအကြိမ် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများကို မှတ်တမ်းများအရသိနေသည်။ “ဘရောက်ဒါဝါဒ” အကြောင်းကို ဆင်ခြင်မိသည်။ (တဆက်တည်း တိန့်ရှောင်ဖိန်သဘောတရားကိုလည်း ဆင်ခြင်မိပြန်သည်။ “ဘရောက်ဒါ”က တိုးတက်လာသည့် အရင်းရှင်များနှင့် ကွန်မြူနစ်များ တွဲလုပ်ကြရမည်ဟုဟောသည်။ “တိန့်ရှောင်ဖိန်” က ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စီးပွားရေးစနစ်ဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်ကို တွဲပြီး တရုပ်ပြည်ကို ကြွယ်ဝလာအောင် လုပ်ခဲ့သည်။ “ဘရောက်ဒါ”က ဖေါက်ပြန်ရေးသမားဖြစ်ခဲ့သည်။ စစ်အေးခေတ်အစပိုင်း။ “တိန့်ရှောင်ဖိန်”က ကြီးမြတ်သော ခေါင်းဆောင်ကြီးဖြစ်ခဲ့သည်။ စစ်အေးခေတ်လွန်ကာလ။ ဆင်ခြင်စဉ်းစားနိုင်ရန် အစပြုပေးခြင်းဖြစ်သည်။) ဗိုလ်ချုပ်အောင်ဆန်းက သခင်ဗဟိန်းကို စစ်ဦးစီလုပ်ရန် တောင်းဆိုသည်။ မရ။ လူထုအတွင်း စည်းရုံးရေး လုပ်ရမည်။ ပါလီမာန်အတွင်း နိုင်ငံရေးကအရေးကြီးသည်။ “ဇာရင်နော့စကီး အစီရင်ခံစာ”ကို သတိရသွားသည်။ ဗမာပြည်ရရှိခဲ့သည့်လွတ်လပ်ရေးသည် အတုဖြစ်သည်ဆိုသော အသံများ၊ အနှောင်အဖွဲ့ မကင်းသည့် လွတ်လပ်ရေး ဆိုသည့် အသံများ၊ “ဘရောက်ဒါဝါဒ”ကို တင်သွင်းလာသည့် ဖောက်ပြန်ရေးသမား “သခင်သိန်းဖေ (မြင့်)” ဆိုသည့် အသံများ၊ အလံနီများ၊ အလံဖြူများ၊ ဆိုရှယ်လစ်များ၊ ဖဆပလများ … …။ ဒုတိယအကြိမ် လွတ်လပ်ရေးနေ့အခမ်းအနားကို ပါတီအချို့ မတက်တော့။ ထားတော့။ ကျနော်ကတော့ အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့လိုလားသည်။
၁၃၀၀ ပြည့်နိုင်ငံရေးမှ ပါလာခဲ့သည့် နိုင်ငံရေ့းပါတီသည် “ဗမာပြည်ကွန်မြူနစ်ပါတီ”ဖြစ်သည်။ သူသည်လည်း ၁၉၈၉ တွင် ပါတီတွင်း အာဏာသိမ်းပွဲဖြစ်ခဲ့သည်။ နိုင်ငံရေးခေတ်ကာလကလည်း ၁၃၀၀ ပြည့်နိုင်ငံရေးမဟုတ်တော့။ ၁၃၅၀ ပြည့် နိုင်ငံရေးအခင်းအကျင်းဖြစ်လာသည်။ ဗမာပြည်သမိုင်းတွင် လက်ဝဲရော၊ လက်ယာပါကြိုးစားထူထောင်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့် လက်နက်ကိုင်ကျောင်းသားအင်အားစုက ABSDF အဖြစ် ပေါ်ထွက်လာသည်။ အခြားနိုင်ငံရေးပါတီ များလည်း ပေါ်ထွက်လာသည်။ ရှစ်လေးလုံးနိုင်ငံရေး၊ ABSDF ဆိုသဖြင့် မဖြစ်မနေသတိရသင့်သည့် သဘောတူညီချက်ရှိသည်။ စက်တင်ဘာသဘောတူညီချက်။
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး စက်တင်ဘာလတွင် တိုက်ပွဲဝင်အင်အားစုများကြား သဘောတူညီချက်ယူခဲ့သည်။ ၃ ချောင်းထောက်မူဟူ၍လည်း လူသိများသည်။ နိုင်ငံရေးပါတီ၊ ကျောင်းသားအင်အားစုနှင့် လက်နက်ကိုင်အင်အားစု ဟူ၍ ၃ စုခွဲ တိုက်ပွဲဝင်ကြရန် သဘောတူညီချက်ယူခဲ့ကြခြင်းဖြစ်သည်။ ရှစ်လေးလုံးနိုင်ငံရေးကို ထိုအင်အားစု ၃ စုမှ ဆက်လက်တာဝန်ယူသွားရန်ဖြစ်သည်။ နိုင်ငံရေးပါတီအဖြစ် ကိုမိုးသီးဇွန်ဦးဆောင်သည့် “လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” ဖြစ်လာသည်။ ကျောင်းသားအင်အားစုအဖြစ် ကိုမင်းကိုနိုင် ဦးဆောင်သည့် ဗကသ ရှိသည်။ လက်နက်ကိုင်အင်အားစုအဖြစ် “ကိုထွန်းအောင်ကျော်”ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည့် ABSDF ဖြစ်တည်လာသည်။ လူ့ဘောင်သစ်၊ ဗကသ တောခိုကြလျှင် ABSDF သို့ ရောက်ကြသည်။ လက်ရှိဥက္ကဌ ရဲဘော်သံခဲသည်လည်း ထိုသို့ဖြင့် ABSDF သို့ရောက်ရှိလာသူဖြစ်သည်။ ကျနော်ကိုယ်တိုင်သည်လည်း ထိုသဘောတူညီချက်ကို နာခံကာ ABSDF သို့ ရောက်ရှိလာသူဖြစ်သည်။ သို့သော် … …
ထိုသဘောတူညီချက်က ကာတခုသာတည်မြဲခဲ့သည်။ လူ့ဘောင်သစ်က လက်နက်ကိုင်ဒေသတွင် ပါတီအလံထောင်လိုက် သည်။ ၁၉၉၄ ဗကသ (ယာယီ) ၏ ခေါင်းဆောင်ဖြစ်သော အိုးဝေဇော် (ရဲဘော်ထက်မိုး) အထိ စက်တင်ဘာ သဘောတူညီချက်ကို လိုက်နာခဲ့သော်လည်း “ဗကသ (နိုင်ငံခြားရေးကော်မတီ)” က နယ်စပ်တွင် ပေါ်လာခဲ့ပြန်သည်။ ထိုသို့ဖြင့် ၃ ချောင်းထောက်မူကေ၀၀ါးသကဲ့သို့ဖြစ်လာရသည်ကို ဆင်ခြင်မိလာသည်။
၃ ချောင်းထောက်မူ၏ မူလ နိုင်ငံရေးရည်မှန်းချက်သည် မြို့ပြနှင့် တောတွင်း နိုင်ငံရေးအင်အားစုများ အချိပ်အဆက်ရှိရှိဖြင့် လုပ်ဆောင်သွားရန်ဖြစ်သည်။ ထိုနိုင်ငံရေး ရည်မှန်းချက်ကို ဆက်လက်ဆောင်ရွက်ရန်လည်း လိုသည်ကအမှန်။ အနှစ် ၂၀ ကျော်လာသောအခါ ၃ ချောင်းထောက်မူနှင့် ပတ်သက်၍ အရွှေ့အပြောင်းတချို့ကို စဉ်းစားမိလာသည်။ ၃ ချောင်းထောက်မူက ဆက်လက်တည်ရှိနေသော်လည်း ပါဝင်ရာ ပါတီအဖွဲ့အစည်းများ အပြောင်းအလဲပြုလုပ်ရမည်ဟု ထင်သည်။
၃ ချောင်းထောက်မူအရ လက်နက်ကိုင်တောတွင်း အင်အားစုအဖြစ် ရပ်တည်ပေးမည့် ABSDF က အနှစ် ၂၀ ကျော်သည့်တိုင် သိက္ခာရှိရှိ ရပ်တည်ပေးနေပြီ။ ထို့ကြောင့် ABSDF အပိုင်းက ရှင်းလင်းသည်။ နောက်တခုက …။ ၃ ချောင်းထောက်မူကို သဘောတူညီခဲ့ကြသည်မှာ ၈၈ - ဗကသ ဖြစ်သည်။ ယခု ၈၈ - ဗကသ များက ဗကသများအဖြစ် မရပ်တည်ကြတော့။ သို့သော် လူငယ် ကျောင်းသားလှုပ်ရှားမှုထဲတွင်တော့ သိက္ခာမြင့်မားစွာ တည်ရှိနေသည်။ ထို ၈၈ - ဗကသ များက ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အစုအဖွဲ့အဖြစ်ရပ်တည်နေသည်။ မူလက မြေအောက်ဗကသအဖြစ်ရပ်တည်ရာမှ ယခု မြေပေါ်သို့ထွက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖြစ်ရပ်ခဲ့ပြီ။ ထို့ကြောင့် ၃ ချောင်းထောက်မူအရ ABSDF - ဗကသ အစား ABSDF – 88 မျိုးဆက်ကျောင်းသားများ ဖြစ်လာသည်ဟု ကောက်ချက်ချမိသည်။ နောက်တခုက နိုင်ငံရေးပါတီ ကိစ္စ။ စက်တင်ဘာသဘောတူညီချက်အရ နိုင်ငံရေးပါတီဆိုသည်မှာ ပြည်တွင်း (ယခင်ကတော့ မြို့ပြဟု သုံးခဲ့သော်လည် ယခု ပြည်တွင်းဟု သုံးပါသည်။) အခြေပြု နိုင်ငံရေးပါတီဖြစ်သည်။ ၈၈ ကာလက ထို မြို့ပြ (ပြည်တွင်း) အခြေပြု နိုင်ငံရေးပါတီတာဝန်ကိုယူခဲ့သည့် ပါတီသည် ယခု နယ်စပ်အခြေပြု နိုင်ငံရေးပါတီဖြစ်လာပြီ။ အပြောင်းအလဲလုပ်ရတော့မည်ဟုထင်သည်။ ၈၈ အရေးတော်ပုံကတည်းက ယနေ့တိုင် တည်ရှိပြီး မြို့ပြ (ပြည်တွင်း) နိုင်ငံရေးတာဝန်များကိုယူနေသည့် ပါတီက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဖြစ်သည်။ ထို့ကြောင့် ၂၀ ရာစု နှောင်းပိုင်း ကျနော်တို့ခေတ် နိုင်ငံရေးအစပိုင်းက ဖြစ်ရှိခဲ့သည့် ၃ ချောင်းထောက်မူသည် ၂၁ ရာစု အစပိုင်း နိုင်ငံရေးယဉ်ကျေးမှုတွင် ဒီ/ချုပ် - ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ABSDF ဖြစ်လာသည်ဟု တွေးကြည့်မိသည်။
ယနေ့နိုင်ငံရေးသည် ရှစ်လေးလုံးနိုင်ငံရေး၏ အဆက်ဖြစ်သည်ဆိုသည့် အယူအဆမှတဆင့် အတွေးပွားမိသည်များ ဖြစ်သည်။ ရှစ်လေးလုံးနိုင်ငံရေးကို ရှစ်လေးလုံးနိုင်ငံရေးက ဖေါ်ဆောင်ပေးလိုက်သည့် နိုင်ငံရေးအဖွဲ့အစည်းများကသာ သယ်ဆောင်ရပေလိမ့်မည်။ ထို့ကြောင့် ဒီ/ချုပ် - ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့နှင့် ABSDF တို၏ ဆက်ဆံရေးပိုင်းကိုလည်း ဆက်လည် စဉ်းစားမိပြန်သည်။
ဒီ/ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့တို့သည် ပြည်တွင်း (မြို့ပြ) အခြေပြု နိုင်ငံရေးပါတီ အဖွဲ့အစည်း များဖြစ်သည်။ ဆက်ဆံရေးပိုင်းတွင်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိကြသည်။ အထူးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ကြား အပြန်အလှန်လေးစားမှုရှိကြသည်။ နည်းပရိယာယ်ပိုင်းတွင်လည်း အထွေအထူးကွဲပြားသည်ဟု မထင်။ ဒီ/ချုပ်ရော ၈၈ မျိုးဆက်ကျောင်းသားများပါ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားကြသည်။
ABSDF က ထိုအဖွဲ့အစည်းများအပေါ်မည်သို့ သဘောထားသည်နည်း။ ၈၈ - မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပေါ်သဘောထားက ရှင်းလင်းသည်။ အထူးအားဖြင့် ဒီ/ချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထား ဖြစ်သည်။ မဲဆောက်အခြေပြုစာနယ်ဇင်းသမားများက ဒီနှစ် အစပိုင်းမှ စ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့နိုင်ငံရေးအပေါ် ထိုးနှက်မှုများလုပ်နေသည်ကို တွေ့နေရ၍လည်း ABSDF ၏ သဘောထားကို သိရန်လိုလာခြင်းဖြစ်သည်။ ဒီနှစ်အစပိုင်းက ABSDF တွင် ညီလာခံကျင်းပသည်။ ထိုညီလာခံအပြီးတွင် သဘောထားထုတ်ပြန်ချက် ထွက်လာသည်။ ညီလာခံအပြီး ထွက်လာသည့် သဘောထားကြေငြာချက်ဆိုသည်က ထိုအဖွဲ့အစည်းနေဖြင့် လာမည့်ညီလာခံသက်တမ်းတွင် မည်သည့် နိုင်ငံရေးရပ်ခံချက်များဖြင့်သွားမည်၊ ဗမာပြည်နိုင်ငံရေးအပေါ် မည်သို့သဘောထားသည်ဆိုသည်များကို ဖေါ်ပြရသည့် ကြေငြာချက်မျိုးဖြစ်သည်။ ABSDF ၏ ညီလာခံအပြီးထုတ်ပြန်ကြေငြာချက်တွင် ဒီ/ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံသွားမည်ဟု ပါရှိသည်။ ABSDF တပ်ဖွဲ့ဝင် မောင်လွမ်းဏီ၏ ကဗျာတပုဒ်တွင်တော့ ဒေါ်စုအပေါ် တမျိုးတမည်သော သဘောထားတခု၊ ထိုအတူ အလွတ်သဘောစကားပြောရာ ABSDF တပ်ရင်းမှူး တဥိးမှ ဒေါ်စုအပေါ် ABSDF ဗဟိုနှင့်မတူသည့်သဘောထားတခု ထို ၂ ဦး၏ သဘောထားက ပင်မ ABSDF ကို လွှမ်းမိုးလိမ့်မည်ဟုတော့မထင်။
တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မဲဆောက်အခြေပြု လူတစုမှ ထိုးနှက်တိုက်ခိုက်နေမှုများကိုလည်း သတိထားမိပြန်သည်။ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်သည့် နိုင်ငံရေးသဘောထားအမြင်အပေါ် ထိုးနှက်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲကို အကြမ်းဖက်သည့်နည်းဖြင့် မလုပ်ချင်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကို ဗဟိုပြုပြီး ထိုးနှက်ကြသည်ဟု ပြောကြသည်။ တချို့ဆိုလျင် အတော်လေးကို ကြေကြေကွဲကွဲ။ ဒီစကားဟာတောထဲမှာ ကျဆုံးသွားခဲ့ကြတဲ့ လူတွေကို စော်ကားတာဖြစ်တယ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မစော်ကားသင့်ပါဘူးဆိုသည်အထိ အလွန်အကြူးဖွဲ့နွဲ့ပြောဆိုခဲ့ကြသည်။ ကျနော်သတိထားမိသလောက် ဒေါ်စု အနေဖြင့် တောခိုကျောင်းသားများအပေါ် စာနာနားလည်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ အခုပြောသည့် စကားသည်လည်း သူယုံကြည်သည့်တရားကို သူပြောခြင်းဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲတွေကို အကြမ်းဖက်တဲ့နည်းနဲ့လုပ်တဲ့ အစဉ်အလာကို ပြောင်းချင်တယ်ဆိုတာ အခုမှ ပြောခြင်းလည်းမဟုတ်။ အရင်ကတည်းက ပြောခဲ့သည်ဟု နားစွဲနေသည်။ ကောက်ခါငင်ခါ ကိုးကားစရာလည်းမရှိ။ DVB လိုနေရာမျိုးတွင်တော့ ထိုမှတ်တမ်းများရှိနိုင်ပါသည်။
ထိုထိုးနှက်တိုက်ခိုက်ချက်များနှင့် ပတ်သက်ပြီးတခုကိုလည်း သတိထားမိသေးသည်။ တိုက်ပွဲသဏ္ဍာန်ကိစ္စ အချင်းပွားရပေါင်းများပြီ။ အရင်ကတည်းက တောခို ၈၈ မျိုးဆက်များကြား အချင်းပွားခဲ့ကြသည်။ ABSDF အပေါ် ဂယက် ရှိခဲ့သည်။ ညီညွတ်ရေးပြိုကွဲခဲ့ရဖူးသည်။ လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကို လိုလားသူများက တဖက်ကို စေ့စပ်ကြေအေးရေးသမားများဟု ခေါ်ခဲ့ကြသည်။ နယ်စပ်အခြေပြု တိုက်ပွဲသဏ္ဍာန်ဆိုင်ရာ အချင်းပွားမှု၏ အဆက်ဟု ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ သူမလွတ်မြောက်ပြီးသိပ်မကြာ ဒီကေဘီအေ အရေးပေါ်လာသည်။ သေနတ်သံများထွက်လာသည်။ လက်နက်ကိုင် တိုက်ပွဲအတွက် အားတက်စရာဖြစ်သည်။ ထိုအခြေအနေများနှင့် ကာလသိပ်မခြား။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိုးနှက်မှုများထွက်ပေါ်လာသည်။ နယ်စပ်ဒေသအခြေပြု တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုသူများကို ထိုးနှက် နိုင်ခဲ့ပြီး အခု ထိုနှက်ရမည်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ယူဆပြီး လုပ်ခဲ့ကြသည်လားတော့မသိ။
ထိုသည်များကိုကြည့်ပြီး ဗမာပြည်စာပေသမိုင်းတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်တခုကို သတိရမိသွားသည်။ “မိုးကြိုမုန်တိုင်း” ထို “မိုးကြိုမုန်တိုင်း” နှင့်ပက်သက်ပြီး “ဗမာပြည်ကွန်မြူနစ်ပါတီ” က စာပေ “ဖြုတ် - ထုတ် - သတ်” လုပ်ရပ်ဟု သူ့ပါတီ အနှစ် ၇၀ ပြည့်သည့် အထိမ်းအမှတ်ထုတ်ဝေသည့် “ပြည်သူ့အာဏာ - ဂျာနယ်” တွင် အကဲဖြတ်ပေးခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့နိုင်ငံရေးရပ်တည်ချက်ကို ထိုးနှက်နေကြသည့် စာများ၊ ကဗျာများ၊ အပြောအဆိုများကို တွေ့သောအခါ “မိုးကြိုမုန်တိုင်း” တိုက်နေပြီဟု စိတ်ထဲမှတ်လိုက်မိသည်။ ဆိုလိုသည်မှာ ထို လုပ်ရပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ “ဖြုတ် - ထုတ် - သတ်” လုပ်ရန် ပြင်ဆင်လာခြင်းဟု ကျနော်က အကဲဖြတ်မိ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို “ဖြုတ် - ထုတ် - သတ်” လုပ်လို့ ရ / မရ။
“ဆရာဒဂုန်တာရာ” ၏ မွေးနေ့ပွဲကို သတိရမိသည်။ ထိုမွေးနေ့ပွဲတွင် “ဆရာထက်မြတ်”က “ဆရာဒဂုန်တာရာ” ၏ “ငြိမ်းချမ်းရေး သဘောထားစာတမ်း” ကို ဖတ်နေသည်ကို တွေ့လိုက်ရသည်။ ကြားလိုက်ရသည်။ ဆရာထက်မြတ်သည် “မိုးကြိုမုန်တိုင်း” ကို ကိုင်တွယ်ခဲ့ကြသူများထဲတွင်ပါသည်။ ယခုတော့ “ဆရာဒဂုန်တာရာ” ၏ ငြိမ်းချမ်းရေးသဘောထား စာတမ်းကို ဖတ်ကြားပေးနေသူဖြစ်နေပြီ။ ငြိမ်းချမ်းရေးတပ်သားကြီးဖြစ်နေပြီ။ ထို့အတူ ဆရာထက်မြတ်သည် ဆရာဗန်းမော်တင်အောင်ကို တောင်းပန်ခဲ့ရသည်။ “ဆရာဇော်ဝင်းကို” က “အပြောမှန်ကြရဲ့လား” မှာ “ဆရာဗန်းမော်တင်အောင်” ကို တောင်းပန်ထားသည်။ မင်္ဂလာရှိသော ဖြစ်ရပ်များဖြစ်သည်။ ဤသည်က ၂၀ ရာစု “မိုးကြိုမုန်တိုင်း” အပိုင်းအစများ။ အစွန်းရောက်လျှင် ပြုတ်ကျပေလိမ့်မည်။ ထို့အတူ ယခု ပေါ်ထွက်လာသော ၂၁ ရာစု “မိုးကြိုမုန်တိုင်း” အုပ်စုသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်းပန်ရမည့်နေ့ ဖြစ်ပေါ်လာလိမ့်ဥိးမည်ဟု အကဲဖြတ်မိသည်။

 ညိုထက် (လမ်းသစ်ဦး)
၁၇ - ၇ - ၂၀၁၁

Friday, July 8, 2011

ဗိုလ်အိုက်ဒေါင်း ပြည်ရန်အေးတွင် ရှိသည်။

ဗိုလ်အိုက်ဒေါင်း ပြည်ရန်အေးတွင် ရှိသည်

by Nyo Htet on Friday, July 8, 2011 at 4:01pm
ဒီကနေ့ ဇူလိုင် ၅ ရက်နေ့။ ဗိုလ်အိုက်ဒေါင်းကွယ်လွန်ပြီးဖြစ်ကြောင်း ရဲဘော်နွမ်ဂျာမှ ပြောပြသည်။ ကျနော်ကမသိ။ ကျနော်က အမေရိကားတွင်နေသော်လည်း အင်တာနတ် မရှိ။ ထို့ကြောင့် ဗိုလ်အိုက်ဒေါင်းကွယ်လွန်သည်ကို မသိလိုက်။
ဗိုလ်အိုက်ဒေါင်းနှင့် ကျနော့်ကြားတွင် အမှတ်ရစရာများရှိသည်။ သူနှင့် ကျနော် ဆုံကြသည်က ၁၉၉၈။ သတိထားမိသည် က ဗိုလ်အိုက်ဒေါင်းသည် ကယမ်းခေါင်းဆောင်များထဲတွင် နှစ်လိုဖွယ်ကောင်းသည့် ခေါင်းဆောင်တဦး ဖြစ်သည်ဆိုသည် ပင်။ လေ့လာသင်ကြားလိုစိတ်လည်း ရှိသူဖြစ်သည်။ ကျနော့် ပုဂ္ဂိုလ်အရပြောရလျင် ကယမ်းပြည်သစ်ပါတီတွင် ဥက္ကဌကြီး ဗိုလ်ရွှေအေးပြီးလျင် ဗိုလ်အိုက်ဒေါင်းကို လေးလေးစားစားရှိမိသည်။
ဗိုလ်အိုက်ဒေါင်းနှင့် ကျနော်တို့ကြားဆက်ဆံရေးပုံစံက မတူကြ။ ဗိုလ်အိုက်ဒေါင်းနှင့် ကိုထူးအောင်ဆက်ဆံရေးတွင် ကိုထူးအောင်က ဗိုလ်အိုက်ဒေါင်းအပေါ် အမြင်မကြည်စရာရှိနေမည်။ ထားတော့။ ပြန်ပြောလျင် ကာယကံရှင်များအတွက် မကောင်း။ ဗိုလ်အိုက်ဒေါင်းနှင့် ကိုမြင့်ဇေတို့ဆက်ဆံရေးတွင် ကိုမြင့်ဇေက ဗိုလ်အိုက်ဒေါင်းကို ကျေးဇူးတင်ရမည့် အခင်းအကျင်းရှိသည်။ ထားတော့ ဤတွင်လည်း ပါဝင်ဖွဲ့စည်းနေသည့် ဖြစ်ရပ်များက ပြန်မပြောချင်စရာတွေ။ အခုတော့ ကိုမြင့်ဇေရော၊ ဗိုလ်အိုက်ဒေါင်းပါ ကွယ်လွန်ခဲ့ကြပြီ။ ဗိုလ်အိုက်ဒေါင်းနှင့် ရဲဘော်နွမ်ဂျာတို့ရဲ့ ဆက်ဆံရေးက တမျိုး။ ဒါကိုတော့ ရဲဘော်နွမ်ဂျာမှ ပြန်ရေးပြထားသည်။ ကျနော်နှင့် ဗိုလ်အိုက်ဒေါင်း ဆံဆံရေးကတော့ … …
သတိထားမိသလောက် ကျနော့်ကို စမ်းသပ်မှုတွေလုပ်နေကြသည်ကို သတိထားမိသည်။ ဤသို့ဖြစ်နေသည်မှာ ကြာတော့ကြာပြီ။ ဘာ့ကြောင့် ဒီလိုစမ်းသပ်မှုတွေလုပ်နေကြသည်ကိုလည်း သိပ်တော့ဖြင့်နားမလည်။ ကျနော်ကတော့ ပုံမှန်အနေအထားရောက်အောင် အားထုတ်နေရသည်။ စမ်းသပ်မှုများထဲတွင် အပြင်းထန်ဆုံး စမ်းသပ်မှုဟု ယူဆချင်စရာ ဖြစ်ရပ်တခု ဗိုလ်အိုက်ဒေါင်းနှင့် ကျနော့်ကြားတွင် ဖြစ်ခဲ့ဖူးသည်။ ပြောရမည်ဆိုလျင် ကျနော့်သတ္တိကို ဗိုလ်အိုက်ဒေါင်းက သိက္ခာတင်ပေးခဲ့ဖူးသည်ဆိုသည်ပင်။
ကျနော် ၁၉၉၈ တွင် “ကယမ်းပြည်သစ်ပါတီ”၏ ဒေသများထဲတွင် နေခဲ့ရဖူးသည်။ ဥက္ကဌကြီး ဦးရွှေအေးနေထိုင်ရာ သိကျိပ်နှင့် “ကယမ်းပြည်သစ်ပါတီ” ဗဟိုတည်ရာ “ပြည်ရန်အေး” စခန်းများတွင် နေခဲ့ရသည်။ “ပြည်ရန်အေး” တွင် နေစဉ်က ကျနော် ဗဟိုထောက်ပံ့ရေးတာဝန်ယူခဲ့ရသည်။ ထိုစခန်းတွင် ဗိုလ်အိုက်ဒေါင်း၏ အတွင်းရေးမှူးရုံးလည်းရှိသည်။ ဖြစ်ရပ်က ထိုနေရာတွင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ကျနော်အလုပ်များထဲတွင် ဗဟိုကို မီးပေးရသည့် မီးစက်ကို တာဝန်ယူရသည့် အလုပ်လည်းပါသည်။ မီးစက်ကို ညနေစောင်း ၆ နာရီလောက် မောင်းပေးရသည်။ ပုံမှန်ကတော့ ၉ နာရီဆို ပိတ်သည်။ ဗဟိုလူကြီးများ ရှိနေ၍ အလုပ်များနေပါက ၁၂ နာရီလောက်အထိမောင်းပေးရသည်။ တရက် … …။ ပြည်ရန်အေးစခန်းတွင် ဗိုလ်အိုက်ဒေါင်းရှိနေသည်။ ကျနော်လည်း ပုံမှန်အတိုင်း မီးစက်နှိုးပေးထားသည်။ ဖြစ်ချင်တော့ မီးစက်က ဘာဖြစ်သည်မသိ ရပ်သွားသည်။ မကြာ ဗိုလ်အိုက်ဒေါင်းရုံးမှ အကူရဲဘော်လေးတဦးက ကျနော့်ကို လာခေါ်တော့သည်။ ကျနော်လည်း လိုက်သွားသည်။ အတွင်းရေးမှူးရုံးတွင် လူအတော်စုံနေသည်။ နိုင်ငံရေးမှူး ကိုဌေးအောင်လည်း ရှိနေသည်။ ကျနော်လည်း ၀င်ထိုင်လိုက်သည်။ ဘာရယ်တော့မသိ။ မျက်နှာတွေကတော့ မသာမယာ။
ကျနော်ထိုင်လိုက်သည်နှင့် ဗိုလ်အိုက်ဒေါင်းက ဆီးပြီးဆူတော့သည်။ သူအလုပ်လုပ်နေချိန်မှာ မီးစက်ဘာ့ကြောင့် ပျက်သွားရသလဲဆိုသည့်ကိစ္စ။ သူ့ကိုမလေးစားလို့ ဒီလိုဖြစ်တာလားဆိုပြီးတော့လည်း မေးသည်။ ကျနော်က မနေနိုင်။ သူ့ကိုမလေးစားလို့ ဒီလိုဖြစ်ရခြင်းမဟုတ်။ မီးစက်မှာ တခုခုဖြစ်နေလို့ ပြင်ဖို့ လုပ်နေတာဖြစ်ကြောင်း ကျနော်က ရှင်းပြသည်။ ထိုသို့ပြောတော့မှ ဗိုလ်အိုက်ဒေါင်းက ဘေးနားတွင်ရှိနေသည့် အေကေ ၄၇ ကို ယူပြီး မောင်းတင်ကာ ကျနော့်ကိုချိန်တော့သည်။ ကျနော်ကလည်း မလျော့။ ဗိုလ်အိုက်ဒေါင်း သေနတ်ဖြင့် ချိန်ထားသည့်ကြားမှပင် ကျနော်က စက်ရဲ့ချို့ယွင်းချက်ဖြစ်ပြီး သူ (ဗိုလ်အိုက်ဒေါင်း) ကိုမလေးစားလို့မဟုတ်ကြောင်းကိုသာ တွင်တွင်ပြောနေတော့သည်။ နိုင်ငံရေးမှူး ကိုဌေးအောင်က ၀င်ရောက်ဖြန်ဖြေတော့မှ ထိုကိစ္စပြီးသွားသည်။ ကျနော့်ကို ချိန်ထားသည့် သေနတ်ကို ချလိုက်သည်။ ပြီး … အလိုလိုက်လို့ အမိုက်စော်ကားတယ် ဆိုပြီး ကျနော့်ကို ဆွဲချက်တင်တော့သည်။
ထိုဖြစ်ရပ်တခုလုံးတွင် ကျနော့်စိတ်ထဲ စွဲထင်နေသည်က ဗိုလ်အိုက်ဒေါင်းပြောလိုက်သည့် “အလိုလိုက်လို့ အမိုက်စော်ကားတယ်” ဆိုသည့်ကိစ္စဖြစ်သည်။
ယခုသတိထားမိသလောက် ကျနော့်အပေါ်ချစ်ကြသူတွေတော့ များကြသည်။ ထို ချစ်ကြသူများထဲတွင် ဗိုလ်အိုက်ဒေါင်း လည်း ပါသည်။ “ကယမ်းပြည်သစ်ပါတီ” တွင်နေစဉ်က ပါတီ ဗဟိုကော်မတီထဲတွင် ကျနော့်အပေါ် အလေးအနက် ထားသည့်သူ ၂ ဦးရှိသည်။ ဥက္ကဌကြီး ဗိုလ်ရွှေအေးနှင့် အတွင်းရေးမှူး ဗိုလ်အိုက်ဒေါင်း။ နိုင်ငံရေးမှူး ကိုဌေးအောင် ကတော့ နိုင်ငံရေး ရေကြော မြေကြောတူကြလို့ ထားတော့။ ပါတီဗဟိုတခုလုံးတွင် ကျနော့်ကို “အသေးလေး”ဆိုပြီး ချစ်စနိုးခေါ်သူတွေကလည်း ထို ၂ ဦး။ ယခုတော့ ကျနော့်ကို “အသေးလေး” ဟု ခေါ်ကြသူများလည်း ကျဆုံး ကွယ်လွန်ခဲ့ကြပြီ။ တခါတခါ အရေးအရာထားပြီး ကျနော့်ရဲ့ နိုင်ငံရေးဆိုင်ရာအမြင်တွေကို တောင်းကြသူများကလည်း ထို ၂ ဦးပင်။ ကျနော့်ရဲ့နိုင်ငံရေးကို လူရာသွင်းပေးသူများအဖြစ် ဥက္ကဌကြီး ဗိုလ်ရွှေအေးနှင့် အတွင်းရေးမှူး ဗိုလ်အိုက်ဒေါင်းကို ယခုတိုင် အမှတ်ထင်ထင်ရှိနေသည်။
ကျနော် “ကယမ်းပြည်သစ်ပါတီ”မှ ထွက်လာတော့လည်း သူတို့ ၂ ဦးရဲ့ ကျနော့်အပေါ်ထားသည့် သဘောထားများကို ကြားနေရသည်။ ကျနော် စာတွေကို သေချာရေးသည်က “ကယမ်းပြည်သစ်ပါတီ”မှ ထွက်လာသည့် ၂၀၀၀ နောက်ပိုင်းမှဖြစ်သည်။ “ဒေါင်းအိုးဝေ - စာစောင်” တွင် ရေးခြင်းဖြစ်သည်။ ထိုစာအုပ် သူတို့ဆီကိုရောက်သည်။ ကျနော် နေထိုင်ရာအရပ်သို့ သူတို့ပါးလိုက်သည့် သတင်းစကားရောက်လာသည်။ “အသေးလေး ရေးတဲ့စာတွေဖတ်ရတယ်။ သဘောကျတယ်” ပါတီ၊ ဒေသနဲ့ ကယမ်းလူမျိုးထုတရပ်လုံးကို ဦးဆောင်မှုပေးနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင် ၂ ဦးဆီက ရလိုက်တဲ့ ဒီအမှာစကားဟာ ညိုထက် (လမ်းသစ်ဦး) အတွက်ကတော့ တကယ့်အားပါပဲ။
“ပြည်ရန်အေး”စခန်းက အနောက်တိုင်းကျေးလက်အိမ်လေးလို့ ဆောက်ထားတဲ့ ဗိုလ်အိုက်ဒေါင်းရဲ့ အတွင်းရေးမှူးရုံးလေး ကို လွမ်းပါတယ်။ အဲဒီရုံးလေးနားက ကွင်းပြင်မှာ ချိုင်းထောက်လေးထောက်ကာထောက်ကာနဲ့ စင်္ကြန်ရှောက်ရင်း ပါတီ၊ ဒေသနဲ့ လူထုအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို စဉ်းစားအဖြေရှာနေတတ်တဲ့ အတွင်းရေးမှူး ဗိုလ်အိုက်ဒေါင်းကို လွမ်းပါတယ်။ ဒိစခန်းနားက ရဲဘော်တွေရဲ့ စုပေါင်းတောင်ယာကွင်းမှာ ဒီအချိန်ဆို ရဲဘော်တွေ ပေါင်းရှင်းနေကြရောပေါ့။ နှိုင်းယှဉ်ချက်အရပြောရမယ်ဆိုရင် ဥက္ကဌကြီးဗိုလ်ရွှေအေးက ကျောင်းသားနိုင်ငံရေးက လာသူ ကယမ်းခေါင်းဆောင်ဖြစ်ပြီး ဗိုလ်အိုက်ဒေါင်းကတော့ တကယ့်ကို လူမျိုးစု လယ်သမားခေါင်းဆောင်ပါ။ အခုတော့ သူ ကွယ်လွန်ခဲ့ချေပြီ။ သူ့ဘ၀တသက်တာ သူလုပ်ဆောင်ခဲ့သည်များကို ပြန်ကြည့်လျင် တော်လှန်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး။
 “ပြည်ရန်အေး”စေဖို့ “ပြည်ရန်အေး”စခန်းမှာ ရုံးဖွင့်ခဲ့သူ ဗိုလ်အိုက်ဒေါင်း။ သူကွယ်လွန်သော်လည်း သူ့ဝိဥာဉ်က “ပြည်ရန်အေး” တွင် ရှိနေပေလိမ့်မည်။

ညိုထက် (လမ်းသစ်ဦး)