Tuesday, April 6, 2010

ရဲဘော်တိုင်းကျော်အတွက်ဝမ်းနည်းခြင်း ထုတ်ပြန်ချက်။











ရဲဘော် တိုင်းကျော် -----
မင်း အားလုံးကို စွန့် ခွာသွားပြီလား။ မင်း အတွက် ငါတို့  ကျန်ရစ်သူ မင်းမိသားစု။ မင်း ရွာနှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါတယ်။မင်း ယုံကြည်ထားတဲ့ အနာဂတ်ပန်းတိုင် ရောက်လုနီး လမ်းခုလပ်မှာ လူစိတ်မဲ့သူတွေကြောင့် မင်းရုတ်တရက်ကြွေလွင့် သွားပေမယ့် မင်းရဲ့ ရိုးသားစွာ အနစ်နာခံစွန့်လွှတ် တိုက်ပွဲဝင်ခဲ့မှု သမိုင်းဟာ ဘယ်တော့မှ ပျောက်ဆုံးမသွားပဲ တည်ရှိနေတယ်။
ရဲဘော်တိုင်းကျော်-----------
မင်းရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာနှင့် ပေးဆပ်မှုဟာ ကျောင်းသားတပ်မတော်ရဲ့ သမိုင်း။



စောထာစခန်း ရဲ့ မော်ကွန်း။ တပ်ရင်း ၂၁ဝ-၂၁၄ ရဲ့  မှတ်တမ်း။ ဒေါနကျောတိုက်ပွဲ။ သံလွင် ရင်ခုန်သံမှာ တည်တံ့ခိုင်မြဲထင်ကျန်နေတယ်။
ရဲဘော် တိုင်းကျော် ---------
မင်း ဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံက မွေးထုတ်လိုက်တဲ့ သူရဲကောင်း အညတြရ ရဲဘော်။ရိုးသားအပြစ်ကင်းတဲ့ ကြယ်စင်တစ်ပွင်ပါ။ကျေးလက်ရနံ့ သင်းပျံ့ တဲ့ မြင့်မြတ်ပန်းတစ်ပွင့်ပါပဲ။မင်းကိုယ်စား ရေဝေးမြေခြား မင်းမိဘတွေစီ သားကောင်းသမိုင်း ဆောင်းကျဉ်းပေးပါမယ်။
ရဲဘော် မင်း ရန်သူကို ဒူးမထောက်ခဲ့။
ဦးတည်ချက် (၄) ရပ်ကို သစ္စာမဖောက်ခဲ့။
ရဲဘော်ရဲဘက် အပေါ် အနစ်နာခံခဲ့။
တိုင်းပြည်နဲ့  ပြည်သူအပေါ် ရိုးသားခဲ့။
မင်းအတွက် ငါတို့ ဂုဏ်ယူပါတယ်။
မင်းကို ငါတို့  အလေးပြုပါတယ်။
မင်းအတွက် ကမ္ဘာမကြေတေးတွေ ဆိုနေဦးမယ်။
ခွပ်ဒေါင်းစစ်သည်တော်တို့ ရဲ့  ကျင့်ဝတ်အတိုင်း
ရဲဘော် အမိန့် အရ တပ်ရင်းနဲ့  မဆိုင်တော့ဘူး။ဒါပေမဲ့
ရဲဘော် တိုင်းကျော် မင်းသမိုင်း မသေဘူး။
ရဲဘော် တိုင်းကျော် သင်သွားလိုရာသို့  သွားနိုင်သည်။
ရဲဘော်တိုင်းကျော် ကောင်းရာဘုံဘဝ သို့ ရောက်စေသော် ဝ်။








မှတ်ချက်။ ။၂၀၁၀ခုနှစ်။ဧပြီလ(၄)ရက်နေ့ တွင် ကနေဒါနိုင်ငံ၌နေထိုင်သော-ရဲဘော်တိုင်းကျော် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ တပ်ရင်း-၂၁၀၊စေထစခန်း၊ တပ်ဖွဲ့ 



ဝင်ဟောင်း)သည်မသမာသူတို့ ၏လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ရခြင်းအပေါ်ထုတ်ပြန်ချက်။

အဝေးရောက် စောထ ရဲဘော်ရဲဘက်များ။



အမေရိကန်ပြည်ထောင်စု။






မှုန်တိုင်းပျော်ငှက်ရဲ့  ပုံရိပ်

မိုးသက်လေဆင်း လူထုရင်ပြင် ဖွင့်အန်စဉ်
ကျေးလက်ကြယ်စင်တွေပါ အုံကြွပုန်ကန်
အာခံသူတွေနဲ့ တိုက်ပွဲအလံစွဲကိုင် ချီတက်ပေါင်း
လမ်းဟောင်းစွန့် ခွာ နောင်ရေးအတွက် ရုန်းထွက်ကြ ။

ညောင်လေးပင်။မုန်း။နတ်သံကွင်း။ ကညွှတ်ကွင်း
ရွှေကျင်။ကျောက်ကြီး။တောင်ငူ။ဖြူး။
ဇေယျဝတီ။ပျဉ်းမနား။ရန်ကုန်။
မြန်အောင်။သရက်။ပခုက္ခူ။
အကြေးသား။အညာသားများနဲ့ 
ရိုးမကျော။ဒေါနတောင်။သံလွင်ရေ။ကျွန်းညိုမြေမှာ
စုဖွဲ့ အားယူ စောထကို ထုဆစ်မွေးဖွားခဲ့တယ်။

အဲ့ဒီမှာ ဒီဘဝ ဘယ်တော့မှ ပြန်မတွေ့ ရမဲ့
ရဲဘော်ညီငယ်များစွာ တွဲပါလာခဲ့
နှလုံးသားကို ပြန်ဖတ်မိတဲ့အခါ
တာကြီး။ဆွေဦး။ကိုယ်ရင်မျိုးသန့် ။
ကျော်စိုး။ဒသ။အဘ။
ဂျော်နီ။လဗန်။သန်းဌေး မှအစ
တစ်ဦးပြီး တစ်ဦးမြင်လာ
ပြုံးပျော် ရိုးသား အနာခံ ခိုင်းသမျှ လုပ်ပေးတဲ့
ညီငယ် တိုင်းကျော်အထိ စို့ နင့်သတိရနေရဲ့ ။

တိုင်းကျော်ပါရင် အမောပြေခဲ့
ဒီရဲဘော်က ရွာမှာ ပွဲတိုင်းပါ
ဓါးသိုင်းကလည်း တော်သတဲ့
လယ်စာရင်းငှားလည်း လိုက်သတဲ့
အစအနောက်လည်း ခံသတဲ့
မပူတတ်တဲ့ လူပျော်လို့ လည်းခေါ်သတဲ့
စစ်ပွဲတိုင်းလည်း ကျော်သတဲ့
လက်ဝှေ့ ပွဲတိုင်း ပါချင်သတဲ့
ခံတုတ်တူး ကင်းစောင့် လည်း မငြီးခဲ့
ရှေ့ ထွက်ပွဲတိုင်း မငြင်းခဲ့
ငါးပိရည်။ငှက်ပျောအူ။အဖျားထူလည်း မဖြုန်ခဲ့
အောက်သက်ကြေ အညတြရဲဘော်ဘဝ ကျေနပ်ခဲ့သူပါ။

တစ်ပါသူရဲ့  အရိပ်။ရိက္ခာ။လက်နက် အားကိုးရစဉ်
ပထမဆုံး ဒီအေဘီစစ်ကြောင်း လိုက်ခိုင်းတဲ့အခါ
ခံစားနားလည်မှု အပြည့်နဲ့  မင်းလှည်ပြန့် ကြည့်တာ
ငါ့ရင်ကို ခုထိကြေကွဲထိခိုက်နေမြဲပါ
ရှေ့တန်းပြန်လာတဲ့အခါ
မင်းအပြုံး အရင်လို မပြည့်ဝခဲ့
ရဲဘော်ဒေါက်တာမင်းသိမ်း ပြန်မပါခဲ့
မင်း ရဲဘော်ရဲဘက်စိတ် ပေါက်ကွဲခဲ့
ရန်သူ့ ကို စီန်ခေါ်သံ ပြင်းထန်ခဲ့တာ မြင်နေရဲ့ ။

အခြေအနေအရ တော်လှန်မြေကို လမ်းခွဲတဲ့အခါ
ကျည်ပေါက်သံတွေ မင်းရင်ထဲပါသွားတာ သိနေတယ်။
မုတ်သုန်မိုးနဲ့  လယ်မြေတော မင်းအသွေးထဲမှာ ရှိနေတယ်။
အေးစက်စက် နှင်းရိုင်းမြေမှာ ခြေချရတဲ့အခါ
မင်းရဲ့ တိုင်းပြည်ချစ်စိတ် အေးခဲမလျော့တာ သိနေတယ်။

မွေးရပ်မြေမှာ အောင်လံလွှင့် ပြန်ဆုံဖို့  ရည်ရွယ်ထားစဉ်
မင်း ယုတ်မာရက်စက်သူရဲ့  လက်ချက်နဲ့ လွင့်ပါး
ငါတို့ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်ခဲ့ရ
ညီလေး ရဲဘော်တိုင်းကျော်
ကောင်းရာ သုဂတိလားပါစေသော် (ဝ်)။

ဒေါင်းနီ

( ဝ၄-ဝ၁-၂ဝ၁ဝ။ကနေဒါနိုင်ငံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သော စောထစခန်းမှ မကဒတ-ရဲဘော်ဟောင်း ရဲဘော်တိုင်းကျော်အတွက် အမှတ်တရ)










1 comment:

ကန့်ကေ် said...

ကြယ်တာရာတွေဟာ မိုးအနှံ့ မြေအပြန့် သန့်စင်ခိုင်မာစွာရပ်တည်ရင်းနဲ့ ကြွေနေခဲ့ကြရ ...
ဟော ... တပွင့်ကြွေရပြန်ပေါ့ ...