Thursday, January 12, 2012

လွတ်ငြိမ်း ၆၅၁ ဦးထဲမှာ နိုင်/ကျဉ်း အများစု ပါမယ်လို့ မျှော်လင့်ကြ

လွတ်ငြိမ်း ၆၅၁ ဦးထဲမှာ နိုင်/ကျဉ်း အများစု ပါမယ်လို့ မျှော်လင့်ကြ
ကိုပေါက် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာမည့် အကျဉ်းသား/ အကျဉ်းသူ ၆၅၁ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသား အများစု လွတ်မြောက်လာမည်ဟု
မျှော်လင့်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယူဆကြသည်။

“ကျနော့်ထင်မြင်ချက် ပြောရရင် အခုလွှတ်တာ နိုင်ငံရေး အကျဉ်းသား တော်တော်အများစုပါမယ်လို့ မျှော်လင့် ထားတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ဆိုတာကတော့ ပုဒ်မခွဲ ၁ နဲ့ ၂ ရှိတယ်။ ၁ ကတော့ အပြီးအပိုင် လွတ်ငြိမ်းခွင့် ပေးလိုက်တာ။ အဲလိုပြောတဲ့ အတိုင်းဆို အဲလိုပဲ ယူဆတယ်။ (NLD ပြုစုစာရင်းနဲ့) တရာလောက်
တော့ ကွာတာပေါ့။ နီးစပ်တယ်လို့ ပြောရရင် ရပါတယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

ကြာသပတေး ညနေပိုင်းက အစိုးရပိုင် ရုပ်မြင်သံကြားဌာနမှ ထုတ်လွှင့်ကြေညာသွားသော “လွတ်ငြိမ်းချမ်းသာခွင့်” တွင် “အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း” ဟု ဖော်ပြပါရှိသည်။

သမ္မတအနေဖြင့် အဆိုပါ အကျဉ်းသားများအနေဖြင့် “နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်
ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း” စသည့်ရည်ရွယ်ချက်ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ဤလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားများလည်း ပြန်လည် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း ၈၈ မျိုးဆက်တဦး ဖြစ်သည့် မနု ကယူဆသည်။

“ကျမတို့ သူငယ်ချင်းတွေ တော်တော်များများ ပါမယ်လို့တော့ ထင်တယ်။ စာရင်းက သေချာ မထွက်လာသေးဘူး။
နိုင်ငံရေးအကျဉ်းသား အများစု လွတ်လာမယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လျှော့ပေါ့ခြင်းကြောင့် လွတ်မြောက်လာသော အကျဉ်းသား ၁၄၀၀
ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၄ ဦး ပါဝင်ခဲ့သည်။

No comments: