Saturday, June 5, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၃)

                                           ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာ။
အခြေခံဒေသထိုးဖောက်ရေးကာလအတောအတွင်းအချို့ ရဲဘော်များမှာဒေသခံတိုင်းရင်းသူများနှင့်အိမ်ထောင် ရက်သားကျကြသည်။အိမ်ထောင်သည်များကိုစစ်ကြောင်းဖြင့်မလိုက်စေလိုပဲမြောက်ဘက်နယ်စပ်မျဉ်း(အထူး ဒေသနှင့်ကယန်းဒေသအစပ်)ကိုးဒစ်ရွာနှင့်ချဉ်ပတောင်ရွာကြားရှိလယ်ကျင်းဘေးပတ်ဝန်းကျင်ရှိုမြောင်းများ၌ ပုန်းတဲများထား၍ နေစေသည်။ထိုအချိန်ကယန်းပြည်သစ်တပ်ဖွဲ့ မှာသစ်တောကြိုးဝိုင်းအတွင်း၎င်းတို့ ခေါင်း ဆောင်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှာမိုင်းထိ၍ခြေထောက်ဖြတ်ပစ်လိုက်ရသည့်အပေါ်ကေအန်ယူအားအခဲ မကြေဖြစ်ချိန်။ နားလည်မှုလွဲမှား နေချိန်၌ကယန်းပြည်သစ်လှုပ်ရှားတပ်ဖွဲ့ မှကျနော်တို့ကျနော်တို့မကဒတအ လုပ်အဖွဲ့ အား၎င်းတို့နှင့်လာရောက်ပူးပေါင်းရန်စာဖြင့်ကမ်းလှမ်းလာသည်။ကျနော်တို့မှာဗဟိုမှ ညွှန်ကြားချက် မရသေးပဲ၎င်းတို့ကမ်းလှမ်းလာသည့်အပေါ်အချိန်ကာလတစ်ခုအထိစောင့်ရန်ပြန်ကြားထားသည်။မကြာမီက ယန်းဒေသခံတပ်ဖွဲ့မှအိမ်ထောင်သည်များစခန်းချသည့်နေရာသို့လာရောက်နေရာယူပြီးသေနတ်များဖြင့်လာ ရောက်ပစ်ခတ်ကြ၍ အိမ်ထောင်သည် ရဲဘော်များမှ မဟာမိတ်ဖြစ်နေမှန်းသိ၍ မဟာမိတ်စည်းကိုစောင့်ထိမ်း သောအားဖြင့် ပြန်လည်ပစ်ခတ်မှုများမပြုလုပ်ခဲ့ပါ။
-မကဒတ တာဝန်ရှိသူများ ဤစာရရခြင်း ကယန်းပြည်သစ်တပ်မတော်နှင့်လာရောက်တွေ့ဆုံရန်တမောခိုကျေး ရွာသို့ယခုလာသည့်ဆတ်သားနှင့်တပါတည်းလိုက်ခဲ့ပါရန်-ဆိုသည့်ကယန်းတပ်ဖွဲ့မှုး၏လက်မှတ်ဖြင့်ဆင့်ခေါ် သည်။ ထိုစာကြောင့်ကျနော်တို့အလုပ်အဖွဲ့ မှခေါင်းဆောင်နှင့်ရဲဘော်တစ်ဦးသွားရောက်တွေ့ ဆုံပါသည်။ နောက်တစ်နေ့ထိုနှစ်ဦးပြန်မရောက်လာပါ။ကြားရသည့်သတင်းအရကယန်းပြည်သစ်မှကျနော်တို့ ရဲဘော်နှစ်ဦး ကိုလက်ပြန်ကြိုးတုတ်၍ဖမ်းဆီးထားကြောင်းသိရသည်။ထိုနှစ်ဦးကိုဖမ်းဆီးသည့်နေရာမှာအလယ်ချောင်းရွာ၊ ကင်းလိုက်ကြော၌ဖြစ်သည်။၎င်းတို့ မှ အချက်(၇)ချက်ပါသည့်အတိုင်း-
(၁)ကယန်းပြည်သစ်သို့ ဝင်ပါ။
(၂)ကယန်းပြည်သစ်ရဲဘော်တစ်ယောက်၏နိုင်ငံရေးခံစားပိုင်ခွင့်အတိုင်းခံစားပိုင်ခွင့်၇ှိစေရမည်။
(၃)ကယန်းပြည်သစ်ပါတီနှင့်အတူဒေသဆိုင်ရာဖွံ့ ဖြိုးရေးအတွက်ဝိုင်းဝန်းလုပ်ဆောင်ရန်။
(၄)တာဝန်နှင့်ရာထူးအလိုက်ကယန်းပြည်သစ်တပ်မတော်တွင်ရယူခံစားပိုင်ခွင့်ရှိစေရမည်။
(၅)သင့်တော်သည့်အချိန်ကာလ(သို့ မဟုတ်)နိုင်ငံရေးအခြေအနေပေးသည့်ကာလတွင်သက်ဆိုင်ရာအဖွဲ့ အ စည်းများသို့ ပြန်ခွင့်ပြုမည်။
(၆)ကယန်းပြည်သစ်၏အုပ်ချုပ်မှုအောက်တွင်တာဝန်ထမ်းဆောင်ရမည်။
(၇)ကယန်းပြည်သစ်တာဝန်ရှိသူများ၏ခွင့်ပြုချက်မရပဲမည်သည့်အဖွဲ့ အစည်းပုဂ္ဂိုလ်များနှင့်ဆက်သွယ်ခွင့်မပြု လုပ်ရ-ဟုပါရှိပါသည်။
ထိုအချက်များကိုရဲဘော်တိုင်းဖတ်ကြားသိစေပြီးအလုပ်အဖွဲ့ဆွေးနွေးပွဲထိုင်ဖြစ်သည်။
ကေအန်ယူတပ်မဟာ(၂)သို့နဂိုကဆုတ်ခွာရန်ရွေးချယ်ထားသော်လည်း ရန်သူနှင့်ဖောက်ပြန်ရေးအဖွဲ့ များမှ ဆုတ်ခွာမည့်လမ်းကြောင်း များကိုတပ်အင်အားအခိုင်အမာဖြင့် ချထားကြောင်းသိရသည်။
ထို့ကြောင့်ပထမဆုတ်ခွာမည့်လမ်းကြောင်းအစီအစဉ်မအောင်မြင်ခဲ့။
ဒုတိယအချက်မှာ-ကယန်းပြည်သစ်သို့ ဆုတ်ခွာရန်။
တတိယအချက်မှာထိုနှစ်ခုကိုမရွေးချယ်ပဲလက်ရှိဒေသ၌အင်အား၊လက်နက်၊ဆက်ရပ်တည်မည်ဆိုပါကရန်သူ၏ ခြေမှုန်းခြင်းကိုခံရမည်မှာမလွဲမသေဖြစ်သည်။
ထို့ ကြောင့် အဖက်ဖက်မှ သုံးသပ်ပြီး အကောင်းဆုံးနှင့် အသင့်တော်ဆုံးရွေးချယ်မှု နည်းလမ်းတစ်ခုကို ကျနော်တို့ ရွေးချယ်လိုက်ရပါပြီ။ ထိုရွေးချယ်မှုကတော့-ကယန်းပြည်သစ်နယ်မြေသို့ ဆုတ်ခွာရန်ဖြစ်ပါသည်။
ကယန်းပြည်သစ်ဒေသ။
မကဒတအလယ်ပိုင်းအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်သဘောထားအတိုင်းကယန်း ပြည်သစ်အပစ်အခတ်ရပ်စဲရေးနယ်မြေ၌အချိန်ကာလတစ်ခုအထိရပ်တည်လှုပ်ရှားရန်အတွက်ယခုကယန်းပြည် သစ်နယ်မြေထဲသို ကျနော်တို့ ရောက်၇ှိလာခဲ့ကြသည်။
အလယ်ချောင်းရွာတွင်ကယန်းပြည်သစ်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှ ဝမ်းပန်းတသာဖြင့်ကျနော်တို့အားကြို ဆို၏။ ၄င်းတို့ ၏ဒေသတွက်ခေါင်ရည်များဖြင့်တည်ခင်းဧည့်ခံကြသည်။
-ကျနော်တို့ အပစ်အခတ်ရပ်စဲရတဲ့သဘောကလည်းကျားနဲ့ နွားနဲ့ပေါင်းထားရတဲ့သဘောပေါ့ဗျာ။
-အခုလို အပစ်အခတ်ရပ်စဲလိုက်ရတော့ကျနော်တို့လူမျိုးတွေလည်းပေါ်တာအဆွဲမခံရတော့ဘူး။
-ကိုယ့်တောင်ယာကိုယ်အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နိုင်တာပေါ့။
-နယ်မြေဒေသဖွံ့ ဖြိုးရေးအတွက်နအဖကကျနော်တို့ကိုစာသင်ကျောင်း၊ကားလမ်း၊ဆေးခန်းတွေဖောက်လုပ်၊ ဆောက်လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။
-နိုင်ငံရေးစကားကိုတော့ယခုအချိန်မှာသူတို့ ကကျနော်တို့ ကိုပြောခွင့်မပြုသေးဘူးလို့သိရတယ်။
-ခုချိန်ဟာဒေသဖွံ့ ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းအချို့ကိုသာလုပ်ခွင့်ပြုထားပါတယ်။
-နိုင်ငံရေးစကားကိုတော့အခွင့်အခါသင့်တဲ့အချိန်မှာလုပ်ပေးပါ့မယ်လို့ တော့သဘောထားရှိပါတယ်။
အထက်ပါစကားများသည်ကယန်းပြည်သစ်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှကျနော်တို့ကိုမိတ်ဆက်ပေးသော စကားချပ်များဖြစ်သည်။
ကယန်းပြည်သစ်ဒေသမှာအများအားဖြင့်ကယန်းလူမျိုးများဖြစ်ကြသည်။ကရင်နှင့်ကယန်းနယ်မြေအစပ်တွင် ကယန်းလူမျိုးအနည်းစုနှင့်ကယန်းဒေသနေထိုင်သူကရင်လူမျိုးအများစုလည်းနန်းချိုချောင်းနဘေးတွင်တောင် ယာ၊ဥယျာဉ်လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်နေထိုင်ကြသည်။ အများစုမှာ ရိုမန်ကက်သရစ်ဘာသာဝင်များဖြစ် ကြသည်။သဲပျော်ရွာတွင်နအဖဖောက်လုပ်ထားသောမြေညီခြောက်ပေကားလမ်းတစ်ခုတွေ့ ရသည်။ ထိုကားလမ်းသည်ခြောက်သွေ့ရာသီတွင်သာကားအသွားအလာရှိပြီး၊မိုးတွင်ကျလျင် ကားသွားလာ၍မရပါ။ ရွာအချို့ တွင်စာသင်ကျောင်းသာရှိပြီးကျောင်းဆရာ၊ဆရာမများလုံလောက်မှုမရှိတာကိုတွေ့ ရသည်။ ကျောင်းတွေမှာလည်းအခြေခံပညာမူလတန်းအဆင့်မျှသာဖွင့်လှစ်ပေးထားတာကိုတွေ့ ရသည်။
ဒေသခံလူထုမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည်။ရွာများမှဒေသခံတိုင်းရင်းသားကယန်းလူထုမှာ ဈေးဝယ်ရာတွင်ရွာမှတစ်ညအိပ်ခြေကျင်သွားရသည်။သောက်ရေခပ်၊လိပ်သိုလ်၊တောင်ငူမြို့ များသို့ခြေကျင် သွားရသည်။ အထူးသဖြင့်သူတို့နေထိုင်လုပ်ကိုင်စားသောက်ရသည့်လုပ်ငန်း မှာ တောင်ယာခုတ်ခြင်းအဓိက ဖြစ်သည်။တောင်ယာများကိုခုတ်ဖန်များသောအခါတောင်ယာများမှာနာလန်မထူဖြစ်ကြရသည်။သစ်ကြီး၊ဝါးကြီး ပင်များမှာရှားပါးသလောက်ဖြစ်နေသည်။အချို့ ရွာများတွင်စိမ်းလန်းစိုပြည်သည့်သစ်တောများမရှိမှုကြောင့်ရေ ရှားပါးမှုများဖြစ်ကြရသည်။အချို့တောင်တန်း များမှာတောင်ယာခုတ်ဖန်များသောကြောင့် သစ်ပင်များမပေါက် နိုင်တော့ပဲ တောင်ကတုံးကြီးများဖြစ်နေတာကိုတွေ့ ရသည်။လူနေမှုအဆင့်အတန်းမှာလည်းအလွန်မှနိမ့်ကျပါ သည်။ကျမ္မာရေးပညာပေးလုပ်ငန်းများအားနည်းမှုကြောင့်ဝမ်းကိုက်ရောဂါ၊ငှက်ဖျားရောဂါကြောင့်သေဆုံးမှုအ များအပြားရှိကြပါသည်။အချို့ ရွာသားများမှာဒေသအတွင်းစီးပွားရေးမယ်မယ်ရရမရှိသည့်အတွက်မိုးကုတ်သို့  ထွက်၍ကျောက်တွင်းတူးသည့်အလုပ်များသွားရောက်လုပ်ကိုင်ကြသည်။
မကဒတအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ဗဟိုကော်မီတီများ၏ စီမံခန့် ခွဲမှုအောက်တွင် တာဝန်ထမ်းဆောင်ရ သည်။ကယန်းပြည်သစ်ပါတီဥက္ကဌမှာငိန်းကယန်းထန်(ဝါ)ဦးရွှေအေးဖြစ်သည်။၁၉၆၂ခုနှစ်မှစ၍တောခိုသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ ကယန်းလူမျိုးလွတ် မြောက်ရေးအတွက် တော်လှန်ရေးတာဝန် ကိုတက်ကြွစွာထမ်းဆောင်ခဲ့သောလူမျိုးစုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဥက္ကဌဦးရွှေအေးမှာအပစ်အ ခတ်ရပ်ပြီးနောက်ပိုင်းသိကျိတ်ရွာ၌ဒေသခံကယန်းတိုင်းရင်းသားများနှင့်အတူ လယ်ယာများလုပ်ကိုင်ထွန်ယက် နေတာကိုတွေ့ ရသည်။ဒကစ(ဒေသကွပ်ကဲရေးစစ်ဦးစီး)နှင့် ကယန်းပြည်သစ်တပ်မတော်စစ်ဦးစီးတို့ မှာလွိုင် ကော်၌မကြာခ၅တွေ့ ဆုံစကားပြောကြသည်။ လွိုင်ကော်တွင်ထောက်လှမ်းရေ(၂၇)ရှိ၍ထောက်လှမ်းရေးအ ရာရှိများမှယခုတဖန်ကယန်းပြည်သစ်တွင်ရောက်ရှိနေသောကျောင်းသားများကို၎င်းတို့ ထံအ်ပနှံရမည်ဟု ဖိအားပေးအကြပ်ကိုင်လာသည်။ထိုအခါကယန်းပြည်သစ်ဗဟိုကော်မီတီမှပထမအကြိမ်၌ယခုရောက်ရှိ နေသည့် ကျောင်းသားများမှာကယန်းပြည်သစ်ပါတီ၏ အုပ်ချုပ်မှုအောက်၌ရှိ၍နအဖထံအပ်နှံဖို့မဖြစ်နိုင်ကြောင်းတုံ့ ပြန်ခဲ့ သည်။ထိုကိစ္စကြောင့်ကယန်းပြည်သစ်ဗဟိုကော်မီတီအတွင်းသဘောထားအချို့ ကွဲ ကြပြန်သည်။ ဒုတိယအကြိမ် ရေကန်ပုလောရွာတွင်အရေးပေါ်အစည်းအဝေးပြုလုပ်ရာ၌ ထိုကိစ္စပါလာ၍ထိုအ စည်းအဝေးမှတညီတညွတ် တည်းဆုံးဖြတ်လိုက်သည်ကတော့-ကယန်းပြည်သစ်ဒေတွင်ရောက်ရှိနေသော-အေဘီအက်စ်ဒီအက်ဖ်-တပ်ဖွဲ့  ဝင်များကို ကယန်းပြည်သစ်ဒေသအတွင်းမှ ရက်ပိုင်းအတွင်းမရှိရေးတို့ ဖြစ်သည်။ ထောက်လှမ်းရေး(၂၇)မှ ပြောရာတွင်လက်ရှိဒေသအတွင်းမှာရှိသည့် ကျောင်းသား များကို ၄င်းတို့ လက်တွင်းသို့ အပ်လျင်အပ်၊ မအပ်လျင်၎င်တို့ ကိုယ်တိုင်ဒေသအတွင်းသို့ ဝင်ပြီးတပ်အင်အားဖြင့်ဝင်ရောက်ရှင်းလင်းရလိမ့်မည်ဟု ဖိအားပေး ခဲ့သည်။
ထို့ ကြောင့်-မကဒတအလယ်ပိုင်းအလုပ်အဖွဲ့  ရဲဘော်များသည် သိကျိတ်ရွာတွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ခရီးထွက်ရန်အလျင်အမြန်ပြင်ဆင်ကြရတော့သည်အချို့ရဲဘော်များမှာဒေသအတွင်း၌တောင်ယာများခုတ်ပြီးစပါး
ရိတ်ရန်အသင့်ဖြစ်နေချေပြီ။ ထိုစပါးများရိတ်သိမ်းခွင့်မရပဲ ခရီးထွက်ရတော့မည်။ အလယ်ပိုင်းဒေသတွင်တိုက်ပွဲ ဝင်ခဲ့သည့်သေနတ်များကိုယခုလိုကယန်းဒေသမှပြန်ထွက်ခွာရာတွင်ကယန်းပြည်သစ်ပါတီကလက်နက်များ၊ ကျည်ဆံများ၊ယူဆောင်သွားခွင့်မရှိဟုသဘောထားထုတ်ပြန်လိုက်ပါသည်။ရဲဘော်များသည်မိမိတို့တိုက်ပွဲဝင် သေနတ်များကိုယူဆောင်သွားချင်သော်လည်းယူဆောင်ခွင့်မရသည့်အပေါ်ဝမ်းနည်းမှုများဖြင့် တိတ်ဆိတ်ငြိမ် သက်စွာဖြင့် ဥက္ကဌငိန်းကယန်းထန်(ဝါ)ဦးရွှေအေးရုံး၌ သေနတ်များအပ်နှံလိုက်ရသည်။ ရဲဘော်အချို့ လူမမြင် သည့်နေရာများတွင် ဝမ်းနည်းဆို့ တဲ့စွာငိုကြွေးနေကြသည်။မကြာမီ-ဖိုးဝိကားအဖြူကြီးကဖင်ထိုး၍ခရီးထွက်ရန် စောင့်နေ၏။ ကျနော်တို့ အားလုံး ကားပေါ်သို့ ကိုယ်စီတက်လိုက်ကြသည်။ကယန်းပြည်သစ်ရဲဘော်အချို့ မှာ ကျနော်တို့ကိုကြည့်၍ဝမ်းနည်းစွာဖြင့်နှုတ်ဆက်ကြသည်။သိကျိတ်ရွာမှဤအကြောင်းသိပြီးသားရွာသားအချို့  ဒေသထွက်ခေါင်ကျရည်ပုလင်းများလက်ဆောင်ပေးလာကြသည်။ ညနေနေဝင်စအချိန်။သိကျိတ်ရွာမှကား ထွက်စပြုပြီ။ ဖိနပ်မပါပဲမျက်ရည်သုတ်ပြီးပြေးလိုက်လာသောရဲဘော်ကြီးတင်ဝင်းအသံက-ညီလေးရေ-သွားနှင့်ဦးကွာ၊တို့ ရှစ်လေးလုံးညီအစ်ကိုတတွေ၊တစ်နေ့ ပြန်ဆုံကြဘို့ ဆုတောင်းကွာ-ဟုငိုသံကြီး နှင့်နှုတ်ဆက် ဝမ်းနည်းသံ-ကြားနေမိ။လမ်းတလျှောက်၌တောစံပယ်ပန်းအရိုင်းနံ့ များ၊ညမွှေးပန်းရနံ့ များ၊နှင်းခိုးမြူမှုံတွေပတ် လည်ဝိုင်ထားသည့်တောင်တန်းတွေကိုနဂါးကြီးတစ်ကောင်ကပါတ်ခွေထားသည့်အလား--ယနေ့ အထိ ထိုမြင်ကွင်းတွေကကျနော့်မျက်ဝန်းအိမ်ထဲကထွက်မသွားသေးပါ။
ကျည်ဝေဖြိုး
ဆက်လက်ရေးသားပါဦးမည်။

No comments: