Saturday, December 3, 2011

မောင်မောင်စိုး သို့မဟုတ်စောထသူရဲကောင်း။

မောင်မောင်စိုး သို့မဟုတ်စောထသူရဲကောင်း

ရဲဘော်တို့ ယနေ့ဟာငါတို့ချစ်ခင်မြတ်နိုးတဲ့၊ငါတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတပ်မတော် ခေါင်းဆောင်တဦးဖြစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်မောင်မောင်စိုးကိုနောက်ဆုံးနှမြောတသစွာနှုတ်ခွန်းဆက်ရတဲ့နေ့ဖြစ်လို့ရင်ထဲမှာနာကြင်နေမိတာအမှန်ပါ။ တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့မကဒတရဲဘော်များအားလုံးအ တွက်ရော၊ အမိမြန်မာပြည်ကြီးအတွက်ပါ ၊ ငါတို့အားလုံးမျှော်မှန်းထား တဲ့ဒီမိုကရေ စီပန်းတိုင်မရောက်ခင်အကြွေစောသွားတဲ့ရဲဘော် မောင် မောင်စိုးကိုအောင် ပွဲရ တဲ့ အထိအတူရှိနေစေချင်ပေမဲ့ညှာတာမှုမရှိတဲ့ လောကဓံတရားကြောင့် ၊ ဒီကနေ့ ငါတို့ သူနဲ့ခွဲရတော့မယ်။ စောထစခန်းဟာမကဒတကျောင်းသားတပ်မတော်ရဲ့သူရဲကောင်း တွေမွေးထုတ် ပေးရာစခန်းတခုဖြစ်တယ်၊ ရဲဘော်မောင်မောင်စိုးဟာ ဒီစခန်းရဲ့ဥက္ကဌတာဝန် ကို ယူပြီးရဲဘော်တွေကိုကြောသားရင်သားမခွဲ ခြားဘဲလမ်းညွှန်အုပ်ချုပ်နိုင်ခဲ့သူဖြစ်တယ်၊ ရန်သူဖမ်းမိပြီးကျဆုံး သွားတဲ့ရဲဘော်ဒေါက်တာမင်းသိမ်း၊ ကင်းထောက်ရင်းရန်သူ့လက် တွင်းသက်ဆင်းရင်းကျဆုံးသွားရတဲ့ဗဟိုကော်မီတီဝင်ရဲဘော်ဆန်းလင်း၊ နအဖ တုန်လှုပ်သွား လောက်အောင်မြန်မာသံရုံးပေါ်မှာငါတို့ခွပ်ဒေါင်းအလံ ကိုစိုက်ထူခဲ့တဲ့ ဂျော်နီတို့ တသိုက်ဟာစောထသူရဲကောင်းတွေဖြစ် တယ်။ မောင်မောင်စိုးဟာလက်ရုံးရည်ရောနှလုံးရည်ပါစွယ်စုံရသူတဦးဖြစ်တယ်၊ စစ်ငြိမ်းစေ ဆိုတဲ့ကလောင်နဲ့စာပေရေးသားသလို၊ တေးသီချင်းတွေကိုရေးစပ်နိုင်တဲ့အပြင်တီးဝိုင်း ဖွဲ့ပြီးတီးခတ်နိုင်သူတဦးလည်းဖြစ်တယ်။ ဒီလိုအဖက်ဖက်ကထူးချွန်တဲ့ရှားပါးတဲ့အရည် အချင်းရှိသူတဦးဆုံးရှုးံရတာဟာအခုလိုပန်းတိုင်မရောက်ကျဆုံးရတာဖြစ်လို့အထူးဝမ်း နည်းကြေကွဲခြင်းဖြစ်ရတယ်။ ဒါပေမဲ့ငါတို့အားလုံးဝမ်းနည်းကြေကွဲနေယုံနဲမပြီးဘူး၊ မောင် မောင်စိုးကိုတကယ် ချစ်တယ် တကယ်လေးစားတယ်ဆိုရင် ငါတို့၊ မောင်မောင်စိုးတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနစ်ကြီးမတည်ဆောင်မနိုင်မချင်း၊ ပြည်သူတွေလူ့အခွင့်အရေးအပြည့် အဝမရမခြင်းအားလုံးဆက်လက်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားကြဘို့ လိုတယ်။ ဒါမှသာငါတို့ဟာကိုယ့်ရဲဘော်ကိုတကယ်လေးစားရာရောက်လိမ့်မယ်။ မောင်မောင်စိုးလူ့လောက ကပျောက်ကွယ်သွားပေမဲ့ ရဲဘော်မောင်မောင်စိုး ဟာ ငါတို့ရဲ့နှလုံးသားထဲမှာထာဝရတည်ရှိနေမှာကတော့ကြိမ်းသေတယ်။ ရဲဘော်မောင်မောင်စိုးကောင်းရာသုဂတိလားပါစေ။

အလေးပြုလျက် တော်လှန်ရေးသစ္စာဖြင့်

ရဲဘော်ထွန်းအောင်ကျော်

ရဲဘော် မိုးသီးဇွန်
ကိုမောင်မောင်စိုး (၁၉၆၃-၂၀၁၁)

အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်၊ဖို့ဝေးမြို့က ၁၉၈၈ တောခိုကျောင်းသား ကိုမောင်မောင်စိုးတယောက် အဆုတ်အအေးပတ်ပြီး၊၂၀၁၁ နိုဝင်ဘာ၂၈ တနင်္လာနေ့ ည၁၀နာရီကျော်မှာ ဆုံးသွားကြောင်း ကြားသိရသဖြင့် ဟစ်တိုင်ဝိုင်းတော်သားများက ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။

ကိုမောင်မောင်စိုးဟာ ဟစ်တိုင်မှာလည်း "၈လေးလုံးစိတ်ဓါတ်" အခန်းဆက်ဆောင်းပါး အပါအ၀င် နိုင်ငံရေးဆောင်းပါးတွေ ရေးခဲ့ပါသဖြင့်- ဟစ်တိုင်မှ အမှတ်တရဖြစ်စွာ ၊ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။



-----------------------------------------------------


”ရဲဘော် မောင်မောင်စိုး ၏ ကိုယ်ရေးအကျဉ်း”

ရဲဘော် မောင်မောင်စိုးကို မြန်မာနိုင်ငံ။ပဲခူးတိုင်း။ဖြူးမြို့ နယ်။ဇေယျဝတီမြို နေ အဖဦးအောင်ခင်နှင့် အမိဒေါ်မြခင်တို့ မှ ၁၉၆၃ ခုနှစ် ဇန္န၀ါရီ ၈ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ( ၆ ) ယောက် အနက် -( ၅ )ယောက်မြောက် သားဖြစ်သည်။

ရဲဘော်မောင်မောင်စိုးသည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာဘွဲ့ ရရှိခဲ့ပြီး ၊ ၁၉၈၇ ခုနှစ်တွင် ဖြူးမြို့ နယ်။ကျူအင်းကျေးရွာ၊အလယ်တန်းပြ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် လူထုအရေးတော်ပုံကြီးတွင် ဖြူးမြို့နယ် ဇေယျဝတီဒေသ၊ သပိတ်စခန်း အထွေထွေ အတွင်းရေးမှူးတစ်ဦးအဖြစ် တက်ကြွ ရဲရင့်စွာ ပါဝင် လှုပ်ရှားခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်- အောက်တိုဘာလတွင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ( ၃ )၊ တပ်ရင်း( ၈ ) မှ တဆင့်- စောထာကျေးရွာကို ညီအကိုတော် လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ရောက်ရှိခဲ့ပြီး စောထာစခန်းကို တည်ထောင်ခဲ့သောသူဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ကရင်နယ်မြေ ကျောင်းသားများကော်မတီတွင် တွဲဘက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူခဲ့ပြီး၊ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် ကျန်းမာရေးဌာန တွဲဘက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ် စခန်းကော်မတီ ဖွဲ့ စည်းရာတွင် တပ်ရင်း ၂၁၀။စောထာစခန်း ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တချိန်ထဲမှာပင် မ က ဒ တ ဗဟိုကော်မတီဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပါရမီဖြည့်ဘက် မအဲမိုင်စိုးနှင့် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြသည်။

၁၉၉၃ ခုနှစ်အထိ မ က ဒ တ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ ချုပ်တွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး။ ထိုင်းနိုင်ငံ။ဘန်ကောက်မြို့ တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသော ကျောင်းသားများအတွက် ဘာသာပြန်တာဝန်ကို ထမ်းဆောင်ခဲ့သည် ။

၁၉၉၆ ခုနှစ်တွင် ကနေဒါ သံရုံးတွင်လည်း ဘာသာပြန် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၉၇ ခုနှစ်အထိ ထိုင်းအစိုးရမှ ဖွင့်ထားသော တတိယ ကမ္ဘာ့နိုင်ငံများသို့  ထွက်ခွာမည့်သူများအား ခေတ္တ နေထိုင်ရာ လပ်ပူရီခရိုင်။မနီလွိုင်ကျေးရွာရှိ ၊ ခိုလှုံရေး စခန်းတွင် နေထိုင်စဉ်အတွင်း မြန်မာကျောင်းသားများ အစည်းအရုံး နှင့် အခြား ကျန်းမာရေး။လူမှုရေး ကိစ္စများ။ နိုင်ငံခြားသို့ ထွက်ခွာ မည့်သူများအား ပြင်ဆင်ပေးမှုများကို တက်ကြွစွာ ကူညီပေးခဲ့သည်။

၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့  ရောက်ရှိခဲ့ပြီး၊ အင်ဒီယားနာပြည်နယ်။ဖို့ ဝိန်းမြို့ တွင် လူမှုရေးရာ၊ နိုင်ငံရေးဆိုင်ရာများကို စတင်ဆောင်ရွက်ခဲ့သည်။

ဖို့ ဝိန်းမြို့တွင် ၁၉၉၉ခုနှစ်။စက်တင်ဘာလ ၉ ရက်နေ့ တွင် ကျင်းပသော ( ၉ ) လေးလုံး ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သော Burmese Democratic Society အဖွဲ့ တွင် ဥက္ကဌ အဖြစ် ဘ၀ နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


(၂၀၀၃ခုနှစ် ၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံ(ဖို့ ဒ်ဝိန်း)တွင် တိုင်းရင်းသားခေါင်းဆောင်များ နှင့်အတူ ကိုမောင်မောင်စိုးကို တွေ့ရစဉ်။)

၂၀၀၃ ခုနှစ်။၂၀၀၅ ခုနှစ်။၂၀၀၇ ခုနှစ်။၂၀၁၀ ခုနှစ်တွင် ဖို့ ဝိန်းမြို့တွင် ကျင်းပသော ဒီမိုကရေစီ ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်၊။

၂၀၀၇ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ ရှိ Ivy Tecch Collage ကောလိပ်တွင် Electrical Engineering ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို -့ N C U B တာဝန်ခံအဖြစ် နောက်ဆုံးအချိန် အထိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ဖက်ဒရယ်ပြည်ထောင်စု (မြန်မာနိုင်ငံ)တွင် လွှတ်တော် ဥက္ကဌ၏ အတွင်းရေးမှုးအဖွဲ့ ဝင် အဖြစ် နောက်ဆုံးကာလ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

တိုင်းရင်းသား ကရင်အမျိုးသား တော်လှန်ရေးအင်အားစုများ တည်ရှိရာ (စောထာ) ဒေသသို့ စတင် ရောက်ရှိခဲ့သည့် သမိုင်းဖြစ်စဉ်နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ရဲဘော်အပေါင်းတို့ ကို အလေးအနက် ဂုဏ်ပြုလျှက် (စောထာဖေါင်ဒေးရှင်း) ကို တည်ထောင်ခဲ့သည်၊။

တေးရေး+အဆိုရှင် (ငြိမ်းစေ) အမည်ဖြင့် ”စောထာ ဒဏ္ဍာရီ ”သီချင်းခွေကို ထုတ်ဝေခဲ့သည်။

ကိုမောင်မောင်စိုးသည် အမေရိကန်ပြည်ထောင်စု။ အင်ဒီးယားနားပြည်နယ် ၊ဖို့ဝိန်းမြို့တွင် ဇနီးဖြစ်သူ (မအဲမိုင်စိုး)၊သားကြီး(မောင်ဗစ်တာစိုး) ၊ သားလတ်(မောင်ဂျွန်စိုး) ၊ သားငယ် (လီယိုစိုး) တို့နှင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရင်း သက္ကရာဇ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ ။ ၁၀နာရီ ၂၀ မိနစ် တွင် အဆုတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်၊။

ရဲဘော် ကိုမောင်မောင်စိုးသည် နောက်ဆုံးအချိန်အထိ ပေးအပ်သည့် တော်လှန်ရေး။ နိုင်ငံရေး။လူမှုရေး တာဝန်များကို အသက်စွန့် သွားသည့် တိုင်အောင် တာဝန်ကျေပွန်စွာ ဦးလည်မသုန် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ရဲဘော် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ခဲ့ပါသည်၊။

(ကိုဒေါင်းနီ ပေးပို့သည်။)

No comments: