Tuesday, November 10, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ

ဗိုလ်ထက်မင်း


နအဖရဲ့  အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ်မတော် ရှိရမည်ဆိုတဲ့ သတ်မှတ်ချက် ရှိတာမို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းခိုင်းမလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်ထဲကို ဆွဲထည့်မလားဆိုတာ နအဖအနေနဲ့ အကျပ်အတည်း ဖြစ်နေတာ တွေ့ရပါတယ်။
နအဖဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး ယူခဲ့စဉ်က ပေါ်ပေါ်တင်တင် မလုပ်ရဲဘဲ သံသယ ရှိစွာနဲ့ တိုးတိုးတိတ်တိတ် လုပ်နေရာမှ နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့် နည်းဗျူဟာ တရပ်အဖြစ် အဲဒီသတင်းကို ဦးစားပေး ခေါင်းကြီးပိုင်းတွေမှာ တခမ်းတနား လုပ်လာကြပါတော့တယ်။
တကယ်တမ်းကျတော့ နအဖရဲ့  သဘောထား မမှန်တာတွေ၊ ကတိပျက်ကွက်တာတွေ၊ တိုင်းရင်းသား အဖွဲ့အချင်းချင်း အခွင့်အရေးပေးရာမှာ ဘက်လိုက်မှု ရှိတာတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အမှန်တော့ ဦးကျိုးအောင် နာမ်နှိမ်အောင် လုပ်ခဲ့ပုံတွေ၊ တိုင်းရင်းသားအဖွဲ့တွေက ဘိန်းကြောင့် ရရှိလာတဲ့ တရားမ၀င် ငွေမည်းများကို ငွေဖြူဖြစ်ရေး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပုံတွေ၊ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နအဖရဲ့  သဘောတူညီထားချက် (၁၄) ချက်မှာ အများစုကို ဖောက်ဖျက်ကြပုံ စတာတွေကို တင်ပြသွားပါမယ်။
ပထမဦးဆုံး ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ ဖုံကျားရှင်း ဦးစီးသော ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ရှမ်းအရှေ့ မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့ဟာ သူတို့ကို မြန်မာတပ်မတော် လက်အောက်သို့ တပ်ရင်းအလိုက် စုစုစည်းစည်း သွင်းပါ။ တပ်ရဲ့  အဆင့်၊ ရာထူး၊ လစာများကို ခံစားပြီး မြန်မာစစ်တပ်ရဲ့  အမိန့်အတိုင်း နာခံမယ်လို့ အဆိုပြုခဲ့ဖူးပါတယ်။
စစ်ရုံးမှာ ရှိနေတဲ့ မျိုးဆက်သစ် လူငယ်တပ်မတော် အရာရှိများက ဒီအတိုင်းဆို လက်ခံသင့်ကြောင်း မျှော်လင့်နေကြပေမယ့် မူလက မယုံသင်္ကာတွေ ရှိနေကြတဲ့ တင်းမာတဲ့ ဗိုလ်ချုပ်အချို့ က လက်မခံဘဲ တဦးချင်း ခွဲထုတ်ကာ မြန်မာတပ်မတော် တပ်ရင်းတွေရဲ့  လက်အောက်ကို ဖြန့်ခွဲစေလွှတ်မှာ ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ တယ်။ ကိုးကန့်နဲ့ ရှမ်းတပ်တွေက တပ်ရင်းအလိုက်သာ တာဝန်ထမ်းဆောင်လိုတဲ့အတွက် ညှိမရဘဲ စိတ်ပျက်စရာ ပျက်ပြယ်သွားခဲ့ရပါတယ်။
နအဖဟာ ၂၀၀၇ သံဃာ့အရေးအခင်း မတိုင်ခင်က အန္တရာယ် အရှိဆုံး အနီးကပ်ရန်သူ စာရင်း (၅) မျိုး သတ်မှတ်ထားပါတယ်။
နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နှင့် ထောက်လှမ်းရေးပြုတ်များ၊
နံပါတ် (၂) ကတော့ KNU, KNPP နှင့် လက်နက်ကိုင် သောင်းကျန်းသူများ၊
နံပါတ် (၃) ကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နံပါတ် (၄) ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊
နံပါတ် (၅) ကတော့ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများတို့ပဲ ဖြစ်ကြပါတယ်။
ဒါကြောင့် အဆင့် နံပါတ် (၃) အဖြစ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လျှို့ ဝှက်စွာ သတ်မှတ်ထားတာကိုက သံသယစိတ်ရှိပြီး သတိထားနေတာ သိသာလွန်းလှပါတယ်။
အဲဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ နအဖရဲ့  အကြောက်ရွံ့ဆုံး အဖွဲ့ကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA “၀” အဖွဲ့ပင် ဖြစ်ပါတယ်။
ရန်သူတွေ ဖြစ်ခဲ့တဲ့ UWSA “၀” အဖွဲ့က တကယ်တော့ ဗကပ ကွန်မြူနစ် အမာခံတွေ ဖြစ်ခဲ့ကာ မိုင်းယောင်း သိမ်းပိုက်ခဲ့စဉ်က ချင်း (၃) တပ်ရင်း အိမ်ထောင်သည် လိုင်းရဲမေများကို မုဒိမ်းကျင့်ခဲ့သူများဖြစ်ပြီး ဒီမိုကရေစီကို မလိုလားသူများ ဖြစ်ပါတယ်။
န၀တ တက်လာစဉ်က ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တပ်ဖွဲ့ဝင်များဟာ အင်အားကြီးမားတာကြောင့် နအဖက အသေအလဲ တိုက်ခိုက်နေခဲ့ရပါတယ်။ ဒီအချိန်မှာ “၀” တပ်ဖွဲ့တွေဟာ မရိုးသားတဲ့ အကြံအစည်များနဲ့ နအဖဘက်ကို ၀င်ရောက်ကူညီပြီး MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပေးခဲ့ပါတယ်။
တဖန် နအဖကလည်း မရိုးသားတဲ့ အကြံအစည်များဖြင့် ခွန်ဆာ လက်နက်ချပြီးတဲ့အခါမှ “၀” တပ်ဖွဲ့တို့ကို ထိုင်းနိုင်ငံအား Buffer Zone ကြားခံထားလို၍ လည်းကောင်း၊ MTA မှ ခွဲထွက် SSA ဗိုလ်မှူးကြီး ရွက်ဆစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခိုင်းလို၍လည်းကောင်း ထိုးကျွေးခဲ့ပြန်ပါတယ်။
UWSA တပ်ဖွဲ့တွေရဲ့  အကြံအစည်များကတော့ ပြည်နယ် ဖွဲ့လို့ရအောင် (၆) မြို့ နယ် ရရှိရေးအတွက် ရှမ်းအမျိုးသမီးများကို ငွေကြေး အင်အားသုံး၍ တမျိုး၊ လက်နက်အားကိုး အနိုင်ကျင့်၍တဖုံ အတင်းအကျပ် ပေါင်းသင်းဆက်ဆံရာမှ လူဦးရေ တိုးပွားစေပြီး “၀” အင်ပါယာကို တိုးချဲ့စေပါတယ်။
UWSA “၀” တွေဟာ ရှမ်းပြည်နယ်ကို “၀ါး” မျိုရန် ကြံစည်နေပြီး အမျိုးသားညီလာခံမှာ ရှမ်းပြည်နယ်မကြီးရဲ့  တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မနေလိုကြောင်းနှင့် ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ် သတ်မှတ်ပေးဖို့ အမျိုးသားညီလာခံကျင်းပနေချိန် တောင်းဆိုခဲ့ပါတယ်။ တနည်းပြောရရင် ၀ပြည်နယ်ခွဲထွက်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က လက်မခံခဲ့ပါဘူး။
တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တွေမှာ ချထားတဲ့ “၀” တပ်ဖွဲ့တွေဟာ သူတို့ရဲ့  အင်အားကို တိုးချဲ့ ကာ အခိုင်အမာ ခြေကုပ်စခန်းများ တည်ဆောက်ခဲ့တာမို့ နအဖလည်း လန့်ဖြန့်ကာ နယ်စပ်က UWSA တွေ ပြန်ရုပ်သိမ်းဖို့ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အမိန့်ပေးတာတောင် ပထမဦးဆုံးအကြိမ် “အာခံ” ခဲ့သူများဖြစ်ပါတယ်။
တဖန် AK – 47 လက်နက်စက်ရုံများနဲ့ လေယာဉ်ပစ် ဒုံးပျံများ အပါအ၀င် လက်နက်များ တပ်ဆင်ကာ UWSA “၀” တပ်ဖွဲ့ဝင် အင်အား (၂၀,၀၀၀) ကျော် ရှိလာဖို့ ယောက်ျားလေးတွေကို အရွယ်ရောက်သူတိုင်း စစ်မှုထမ်း ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် နီးစပ်စွာ ထိတွေ့ဆက်ဆံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့ရင်တောင် ထကြွသောင်းကျန်းမယ့် အရင်ဆုံး သူပုန်များလို့ ဆိုရမှာ ဖြစ်ပါတယ်။
တကယ်တော့ နအဖဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီး နိုင်ငံတကာမှ မူးယစ်ဆေးဝါး ပြစ်မှုအဖြစ် ၀ရမ်းထုတ် ဆုငွေထုတ်ထားတာတောင် ပေါက်ယူချမ်း၊ ဝေရှောက်ခန်း စတဲ့ “၀” ခေါင်းဆောင်များကို ဖမ်းဖို့ တာဝန် ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နအဖနဲ့ ပေါင်းပြီး “၀” အဖွဲ့တွေရဲ့  စီးပွားရေး သောင်းကျန်းပုံ တွေကို ဆက်လက်တင်ပြသွားပါ့မယ်။ တကယ်တော့ နအဖဟာ ဘိန်းဘုရင် ခွန်ဆာဆီမှ “ငွေမည်း” များ ရရှိခဲ့လို့ အလိုတူ အလိုပါ အကြိုက်တွေ့သွားပြီ ဖြစ်ပါတယ်။
နအဖ ဒုတိယခေါင်းခဲတဲ့ အဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP) ဖြစ်ပြီး အမျိုးသား ညီလာခံမှာကတည်းက တင်းမာစွာ တုံ့ပြန်တာ ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ခဲ့စဉ်က NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင်ကို တပ်ချုပ် ဗိုလ်သန်းရွှေ ကိုယ်တိုင် လက်ခံ ကြိုဆိုခဲ့ရခြင်းမှာ KNU ကို ထိန်းချုပ်နိုင်အောင် မျှော်မှန်းတာရယ်၊ ထိုင်းနယ်စပ် နှင့် ဆက်စပ်နေပြီး ပင်လယ်ကမ်းခြေ ထွက်ပေါက်ကို ပိုင်စိုးတာရယ်၊ KIA နှင့် UWSA ကဲ့သို့ နောက်ပိုင်း မလုံခြုံတဲ့ အနေအထား မရှိတာကြောင့် အချိန်မရွေး တောထဲ ပြန်ရောက်သွားနိုင်တာမို့ စည်းရုံးခြင်း ဖြစ်ပါတယ်။
ယခုလည်း အမျိုးသားညီလာခံမှာ နအဖက တိုင်းရင်းသားအဖွဲ့တွေ (အပစ်အခတ်ရပ်စဲရေး ၁၃ ဖွဲ့) တင်ပြခဲ့တဲ့ ကိုယ်ပိုင်အခွင့်အရေး ပြဋ္ဌာန်းချက်များကို မလိုက်လျှောခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ကိုယ်စီ ရင်ထဲမှာတော့ မကျေနပ်မှုတွေ အသီးသီး အနည်းနဲ့အများ ရှိနေကြပါတယ်။
နအဖရဲ့  တတိယ အစိုးရိမ်ရဆုံး နောက်တဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်ဖွဲ့ဝင်တွေကို နအဖ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်တဲ့ ကိစ္စမှာ အစာမကြေ ဖြစ်ခဲ့ပါတယ်။
KIA ဟာ အမျိုးသားညီလာခံတက်နေတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီကိစ္စ ဖြစ်တာရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ MI အဖွဲ့ အရေးယူ ဖျက်သိမ်းခဲ့ရလို့ အသစ်ဖွဲ့စည်းလိုက်တဲ့ “စရဖ” အကြီးအကဲ ဗိုလ်မြင့်ဆွေရဲ့  ကိုင် တွယ်ဖြေရှင်းမှု ညံ့ဖျင်းတာရယ်ကြောင့် ကျေနပ်မှု မရှိဘဲ တင်းမာမှု အထွဋ်အထိပ် ရောက်နေခဲ့ပါတယ်။
KIA မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကိုယ်တိုင် နအဖ အကြီးအကဲတွေကို စစ်ရုံးမှာ တွေ့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်နေရလို့ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီး တုံ့ပြန်တော့မှ ဒု-တပ်ချုပ် ဗိုလ်မောင်အေးက ၀င်ရောက် ဖြေရှင်းပေးလိုက်ရပါတယ်။
နအဖရဲ့  မပြေလည်နိုင်သေးတဲ့ KNU နှင့် Gentleman Agreement လည်း ယခုအခါ အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။
KNU ရဲ့  ဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက်နိုင်ရန် လမ်းပြပေးရတဲ့ ကျေးဇူးကို ထောက်ထားပြီး DKBA ကိုတော့ နယ်စပ်ဂိတ်များမှာ “အစာ” ချကြွေးကာ မြှောက်စားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် KNU မှာ ယခင်က အရာခံဗိုလ် အဆင့်သာရှိခဲ့ပြီး DKBA မှာ စစ်ဦးစီးချူပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်သန်းနဲ့ ယခင်က ဆရာ့ ဆရာကြီးများဖြစ်ခဲ့တဲ့ နအဖနဲ့ ပူးပေါင်းထားသော ဗိုလ်ချုပ်ထိန်မောင်၊ ရင်းမှူး ဒု-ဗိုလ်မှူးကြီး သမူဟဲ၊ ဖဒို အောင်ဆန်း စတဲ့အဖွဲ့တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကရင်ပြည်နယ် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု ပြဿနာများကို နအဖဟာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
တကယ်တော့ ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲနဲ့ အဖွဲ့တွေ လက်နက်အားလုံးချပြီးမှ အလုံးစုံ အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နအဖက တအံ့တသြ ဖြစ်ခဲ့ရပြီး တဂူထဲက ခြင်္သေ့နှစ်ကောင် ဖြစ်သော ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ကတောင် တခါမှ မတွဲစဖူးတွဲလာကာ သူ့အား ကြိုဆိုခဲ့ရဖူးပါတယ်။
စောသမူဟဲကိုတောင် ဦးစားမပေးဘဲ DKBA ဟာ “ဖား” တာ တော်လွန်းရာမှာ ကရင်အချင်းချင်းတောင် သတ်ပေးလို့ နအဖက မျက်နှာသာပေး ဘက်လိုက်တာ သိသာလှပါတယ်။
နအဖအနေနဲ့ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ ဘက်လိုက်မှုများနဲ့ သွေးခွဲမှုများ ရှိနေပါတယ်။ အခွင့်အရေး နည်းနည်း ပေးမိရင်တောင် သတင်းပေါက်ကြားမှု ရှိတာကြောင့် တချို့ကို ဒီထက်ပိုပြီး သာသာထိုးထိုး အခွင့်အရေး ပိုပေးထားလို့ အပစ်ရပ် အဖွဲ့အတွင်းမှာလည်း မကျေနပ်မှု ရှိနေကြကြောင်း သိရပါတယ်။
နအဖရဲ့  One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာတပ်မတော်မှာ လက်ခံမယ်ဆိုရင် လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။
သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့်အတန်း၊ ဘာသာစကား ကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညိုလေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။
အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစုဆိုင်ရာ ပါတီမရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ်သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။
နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက်ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။
တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက်လက်နက်ဖြုတ်ဖို့ သွေးထိုးစမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လောရိုက်သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။
နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။
ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စုအမျိုးအစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/သန်းစိုးအောင် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့အနေနဲ့ မဖော်ပြတော့ပါ။
အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်းတပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့  ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။
ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။
အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။
အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်
-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊
-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊
-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊
-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊
-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ်နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့ တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ်အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။
အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။
စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပါတယ်။
အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေးပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။
လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။
အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။
စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက်ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။
ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ပြဿနာများလည်း ရှိနေပါတယ်။
တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှုအပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။
ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အားချည့်နဲ့နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။
အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။
ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် လည်း ခေါင်းခဲစရာ ပြဿနာတရပ်အဖြစ် ရှိနိုင်ပါတယ်။
“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

နအဖ စစ်အာဏာရှင်တွေဟာ အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲဖြစ်ကြပြီဆိုရင် ဖျန်ဖြေ ပေးသလိုလိုနဲ့ အမြတ်ထုတ် အခွင့်အရေး ယူကြတာတွေ၊ နိုင်ထက်စီးနင်း လုပ်ကြတာတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထား အဂတိ လိုက်စား အကျိုးအမြတ် ရယူတာတွေကို တင်ပြသွားပါမယ်။ ကိုးကန့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဟာ နအဖနဲ့ အရင်ဦးဆုံး ငြိမ်းချမ်းရေး ယူလိုက်တဲ့ အဖွဲ့ဖြစ်သလို နအဖရဲ့  နိုင်ထက်စီးနင်း လုပ်ပုံကဖြင့် သူတို့မှာ မရှုမလှ ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်နဲ့ ဖုံကြားဖူး တို့ဟာ ရန်မိုးလျန် ညီအစ်ကို နှစ်ဦးက ကိုးကန့် ပင်မတပ်ကို စည်းရုံးပြီး အာဏာသိမ်းလိုက်တာကြောင့် ဦးစိုင်းလင်းတို့ထံ ထွက်ပြေးခဲ့ရတာကို စတင်ပြောပြရမှာ ဖြစ်ပါတယ်။

အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက်မအေးနိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင်က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။
အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။
အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။
ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။
ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။

ဒီအပိုင်းမှာတော့ နအဖဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာ ကိုယ်ကျိုးအသုံးချဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူး ကာ ပံ့ပိုးမှု ဆောင်ရွက်ပေးခဲ့တယ်။ ရေရှည်မှာ နအဖဟာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖက UWSA ကို အသုံးချပုံ စ တာတွေကို တင်ပြပါအုံးမယ်။ နအဖက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာနမ ဖွင့်လှစ်ခင် စစ်ရုံးမှ နတလ G1 ဒု-ဗိုလ်မှူးကြီး သိန်းဟန်ကို တာဝန်ပေးပြီး “နယ်စပ်ဒေသဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ” အဖြစ် ဗိုလ်သန်းရွှေ ဦးစီးကာ ပထမတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးကို ယောင်ပြစတင်လုပ်ပေးပါတယ်။

နတလ G1 ပြုတ်သွားရာ ယခင်က ရမခတိုင်းမှူး ဗိုလ်မောင်သင့်အား နယ်စပ် စည်ပင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးကာ သီးခြား ဖွင့်လှစ်ပြီးတဲ့အချိန်မှာ တိုင်းရင်းသားတွေကို ပံ့ပိုးပေးမှု အစီအစဉ်ဟာ တိုးတက်မလာဘဲ ပိုမိုဆုတ်ယုတ်လာခဲ့ပါတယ်။ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မောင်အေးကလည်း တိုင်းမှူးတွေကို အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ကိစ္စဆိုရင် အားလုံးသိထားရမယ် ဆိုပြီး စွက်ဖက်ခိုင်းလို့ တပ်တွင်း အာဏာအားပြိုင် လွန်ဆွဲမှု ဖြစ်ပွားလာတာကြောင့် တိုင်းမှူးတွေရဲ့  ကွပ်ကဲမှုအောက်ကို နတလ၀န် ထမ်းတွေ ရောက်ခဲ့ပါတယ်။

နတလ ၀န်ထမ်းတွေဟာ တိုင်းမှူး၊ ၀န်ကြီးနဲ့ ကကလှမ်းတို့အကြား ကြားညှပ်ရတဲ့အဖြစ်မျိုး ရောက်ရှိပြီး နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးဟာ အိပ်မက်ပမာ ဖြစ်ခဲ့ရပါတယ်။ တိုင်းမှူးတွေကလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ပါ ဘတ်ဂျက် ငွေများကို အလွဲ သုံးစား လုပ်ခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ထိထိရောက်ရောက် မလုပ်ပေးနိုင်တာ တွေ့ရပါ တယ် ။ ဥပမာ ကျောင်းနှင့် ဆေးရုံတို့ဆိုရင် သင်ထောက်ကူပစ္စည်း၊ ဆရာဝန်၊ ဆရာမ၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်ကိရိယာ၊ ကွန်ပျူတာ၊ မီးစက် ဘာဆိုဘာမှ မရှိဘဲ အဆောက်အဦသာ ဟန်ပြရှိတဲ့ အနေအထားဖြစ်နေရပါတယ်။ လုပ်ပိုင်ခွင့်တွေကို တိုင်းမှူးတွေက ချုပ်ကိုင်ထား တာလည်း ပါပါတယ်။

အပစ်ရပ်အဖွဲ့တွေက စစ်သည်အင်အားတွေရဲ့  စားဝတ်နေရေး၊ ရပ်တည်ရေး စတာတွေကို ဖြည့်စွက်ပေးဖို့ တောင်းဆိုပေမယ့် နအဖဟာ ကတိပျက်ခဲ့ပါတယ်။ ဘိန်းလုပ်ငန်း စွန့်လွှတ်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရန် နိုင်ငံတကာက ထောက်ပံ့တာကိုလည်း ထိရောက်အောင် နအဖဟာ အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ပါ။ ဒါကြောင့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ စားဝတ်နေရေးအတွက် ဘိန်းလုပ် ငန်းကို လုပ်ရတာမျိုးရှိပါတယ်။ နအဖကလည်း သူတို့အကျိုးစီးပွားနဲ့ အသုံးချဖို့အတွက် မသိဟန်ဆောင်ထားတာမျိုးလည်း ရှိပါတယ်။

ကိုးကန့်၊ “၀” တို့လိုမျိုး အပစ်ရပ် အဖွဲ့တွေဟာ မပခ၊ ရမခ၊ ရပခ၊ ရတခ၊ တြိဂံတိုင်းတို့မှ တိုင်းမှူးများနဲ့ ထိပ်ပိုင်း စစ်အာဏာရှင် မိသားစု တွေအထိ နည်းမျိုးစုံ ချဉ်းကပ် လာဘ်ထိုးပြီး ဘိန်း ကူးသန်းရောင်းဝယ်ခွင့် ကြိုးစားရယူခဲ့ပါတယ်။ ရတခ ဧရိယာ၊ ရေးမြို့နယ် ပင်လယ် ကမ်းစပ်မှ နိုင်ငံတကာ ရေပြင်ကို ထွက်မယ့် စက်လှေတစီးအား သတင်းရလို့ ရှာဖွေခြင်း မဟုတ်ဘဲ အမှုမဲ့ အမှတ်မဲ့ အကောက်လိုချင်လို့ ရဲက ရှာဖွေမိရာမှ ဒေါ်လာသန်း (၇၀) တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းမိသွားပါတယ်။ အဲဒီ ဘိန်းတွေဟာ ရန်ကုန်၊ မန္တလေး မြန်မာပြည်မလမ်းအတိုင်း ဧရာဝတီမြစ်အတွင်း ရေကြောင်း၊ ကုန်းကြောင်း၊ ဂိတ်တွေကို ပေးကမ်းကာ ဖြတ်ကျော်လာတာ တွေ့ရပါတယ်။ ဘိန်းတွေဘယ်နှကြိမ်ထွက်သွားခဲ့တယ်ဆိုတာကိုတော့စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။

ထူးဆန်းတာကတော့ ဒီစက်လှေတွေဟာ ဖမ်းဆီးရမိတဲ့ ထိုင်းစက်လှေတွေဖြစ်ပြီး လေလံတင်တယ်ဆိုပေမယ့် ထိပ်ပိုင်းစစ်အာဏာရှင် ဗိုလ်မောင်အေးရဲ့  သမီးအပါအ၀င် စစ်အာဏာရှင် မိသားစုကသာ ပိုင်ဆိုင်သွားခြင်းဖြစ်လို့ ဒီစက်လှေတွေကို “၀” နဲ့ ကိုးကန့် အဖွဲ့ထံ တန်ဖိုးကြီးကြီးရယူကာ ငှားရမ်းထားတာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူ သယ်တာကို သိမသိ ဆိုတာကိုတော့ ပိုင်ရှင်တွေသာ အသိဆုံးဖြစ် ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးဌာနမှာ GSM၊ Hand Phone ဒေါ်လာ သန်း (၁၀၀) ကန်ထရိုက်ကို ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းက ရရှိပေမယ့် ငွေမတတ်နိုင်လို့ (၈၀) ရာခိုင်နှုန်း ရှယ်ယာ ထည့်မယ့် UWSA “၀” ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်လာပါတယ်။ ဖုန်းဖိုးကို ပြည်သူတွေဆီမှာ တဦးလျှင် ကျပ် (၅) သိန်းစီ ကြိုတင်ကောက်ပြီး တော်တော်နဲ့ မလုပ်ဖြစ်တာရယ်၊ လုပ်ဖြစ်ပြန်တော့လည်း ဈေး ကွက် ကို ချုပ်ကိုင်ချင်တဲ့ ဒေါ်ခင်စန္ဒာဝင်းက လောဘဇောတိုက်လာလို့ ရယ်ကြောင့် “၀” တွေက မကျေနပ်ကြရာမှ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ် ကျော်ဝင်းမှတဆင့် ဗိုလ်သန်းရွှေထံ တိုင်တောလို့ ပြဿနာဖြစ်ကာ ၀န်ကြီးဗိုလ်ဝင်းတင်လည်း ပြုတ်သွားခဲ့ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားတွေရဲ ငွေကြေးဆုံးရှုံးနစ်နာမှု ကြီးမားသွားခဲ့ပြီး စစ်အာဏာရှင်တွေ အချင်းချင်း လောဘဇောတိုက်မှုမှာ ကြား ညှပ်ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် UWSA “၀” ခေါင်းဆောင်တွေဟာ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းကို ပေးကမ်းစည်းရုံးရတယ်လို့ သိရပါတယ်။

န၀တ တက်ခါစမှာ နိုင်ငံခြားငွေအပါအ၀င် သုံးစွဲငွေ အလုံအလောက် မရှိတာမို့ ဘိန်းစိုက်ပျိုးပြီး ရောင်းဝယ်ခွင့်တွေကို မသိချင်ယောင်ဆောင်ပေးလိုက်သလို အပစ်ရပ်အဖွဲ့ အချို့ရဲ့  တရားမ၀င် ငွေမဲများကို ငွေဖြူအဖြစ် ဖန်တီးပေးကာ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိနေခဲ့ပြန်တယ်။

နအဖဟာ စစ်ရေးအင်အားကိုလည်း တိုးချဲ့ ချင်တာကြောင့် သူတို့ရဲ့  နိုင်ငံခြားငွေ နည်းပါးချိန်မှာ တရားမ၀င် ငွေမဲတွေပိုင်ထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ လျှို့ ဝှက်စွာ ပူးပေါင်းလှုပ်ရှားလာပါတယ်။

UWSA ခေါင်းဆောင်တဦးဖြစ်တဲ့ ဝေရှောက်ခန်းရဲ့  ဟုန်ပန်း ကုမ္ပဏီကို မိုင်းဆတ်၊ တာချီလိတ်နဲ့ ကျိုင်းတုံ ကားလမ်းမကြီးတွေ ဖောက်လုပ်ရေး ကန်ထရိုက် ပေးလာပါတယ်။ အလားတူ သံမဏိစက်ရုံလိုမျိုး စက်မှုလက်မှုလုပ်ငန်း ကန်ထရိုက်တွေ ပေးလိုက်ပြီး “၀” ခေါင်းဆောင်တွေက ဟုန်ပန်းကုမ္ပဏီ ထောင်ကာ စက်မှုလက်မှု ဟန်ပြလုပ်လာပါတယ်။

အဲဒီလုပ်ငန်းတွေနဲ့ ရေနက်ကွင်း စီမံကိန်းလိုမျိုး စီမံကိန်းတွေ အကြောင်းပြပြီး ဂျပန်နိုင်ငံလိုမျိုး နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ရဲ့  မူးယစ်ဆေးဝါး ရောင်းရတဲ့ငွေမဲများကို ငွေဖြူဖြစ်အောင် ဖန်တီးကာ ပြည်ပမှ ဘူဒိုဇာ ထွန်စက်တွေ၊ စက်ပစ္စည်းတွေ တင်သွင်းလာသလို တောင်ကိုရီးယားနှင့် ဒေ၀ူးကုမ္ပဏီမှ စီမံကိန်းပစ္စည်းတွေနဲ့ ရောပြီး စစ်တပ်အတွက် လက်နက်ခဲယမ်းပစ္စည်းများ ရောသွင်းလာလို့ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်မှာ ပြဿနာတက်ခဲ့ရပါသေးတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်သုံး ရဟတ်ယာဉ်ကဲ့သို့ အပိုပစ္စည်းများ တင်သွင်းဖို့ နိုင်ငံခြားငွေ ခက်ခဲချိန်မှာ “၀” တွေဆီက ပိုက်ဆံတောင်းစားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၀၈ ခုနှစ် ဇွန်လမှာ အမေရိကန် ကွန်ဂရက်သို့ နိုင်ငံခြားရေးရာ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဌာနခွဲမှ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းရငွေ တန်ဖိုးမှာ ၁၉၉၀ ပြည့်နှစ်ကတည်းကပင် အမေရိကန် ဒေါ်လာသန်း (၉၀၀) ကျော်ရှိခဲ့ပြီး ယနေ့မှာတော့ ဒေါ်လာသန်း (၂,၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။ UWSA အနေနဲ့ ဘိန်းဖြူတခုတည်း ရောင်းရငွေ တန်ဖိုးမှာ ၂၀၀၂ ခုနှစ်က အမေရိကန် ဒေါ်လာသန်း (၃၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် သုံးစွဲတဲ့ ငွေကြေးအများစုဟာ ဝေရှောက်ခန်း၊ ပေါက်ယူချမ်းတို့ရဲ့ ကိုယ်ပိုင်ငွေ ကြေးသာဖြစ်ပြီး “၀” အဖွဲ့အစည်းပိုင် ငွေကြေးမဟုတ်တာ တွေ့ရပါတယ်။

UWSA “၀” ခေါင်းဆောင်တွေရဲ့  စီးပွားရေးလုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတို့အပြင် သိမ်ကြီးဈေး အပေါ်ထပ်က နိုက်ကလပ်၊ အနှိပ်ခန်းတွေကအစ အနှံ့အပြား မြှုပ်နှံထား ရှိတာမို့ နအဖက သူတို့ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေရှိပါတယ်။

“၀” ခေါင်းဆောင်တွေဟာ သေနတ်ကိုင်ပြီး မန္တလေးမြို့ တော်အထိ သွားလာခဲ့တဲ့ အကြိမ်များမှာ တိုင်းမှူးတွေနဲ့ ပြဿနာတက်ခဲ့ပြီး ဝေရှောက်ခန်းကို စိန်ဝင်း နာမည်နဲ့ မှတ်ပုံတင် နိုင်ငံသားကတ်တခု ကကလှမ်းက လုပ်ပေးရတဲ့အထိ ခြေလှမ်းကြဲခဲ့ပါတယ်။

ရန်ကုန် UWSA ကိုယ်စားလှယ် ကျော်စိန်ဆိုသူဟာလည်း ၀န်ကြီးတွေ ပါးစပ်ဟရင် ခွံ့ပေးရသူ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက သတင်းပေးလာတော့မှ ဇန်န၀ါရီလ (၂၅) ရက်နေ့မှာ ရန်ကုန် အေရှားဝေါပိုင် ဆိပ်ကမ်းမှာ ဘိန်းဖြူကီလိုဂရမ်များစွာကို ရန်ကုန် စင်ကာပူသွား “KOTA TEGET” ကုန်တင် သင်္ဘောထွက်မယ့်ဆဲဆဲ မူးယစ်ဗဟိုက ဖမ်းမိသွားခဲ့ပါတယ်။

သတင်းကွင်းဆက် ဖော်ထုတ်ချက်အရ လှိုင်သာယာ FMI အိမ်ရာမှာ လိုက်လံရှာဖွေခဲ့ရာက ဘိန်းဖြူ ကီလိုဂရမ်ပေါင်း မြောက်မြားစွာကို ထပ်မံဖမ်းဆီးရခဲ့ပြန်ပါတယ်။ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ကျော်စိန်ကို ဖမ်းထားပေမယ့် အိုက်ဟော့ကတော့ UWSA ဧရိယာအတွင်း ရှောင်တိမ်းပုန်းခိုနေကြောင်း သိရပါတယ်။

စားတုန်းက ပေါင်းစားပြီး ပေါ်တော့မှ အရေးယူဖမ်းဆီးလို့ “၀” တွေဟာ နအဖနဲ့ မကျေမလည် တင်းမာမှု ဖြစ်နေပါတယ်။ ပေါက်ယူချမ်းရဲ့ သမီးနဲ့ မရခင် ၁၉၉၃ ခုနှစ်ကတည်းက အိုက်ဟော့ဟာ မောင်းမောကုမ္ပဏီ၊ Tetkham ကုမ္ပဏီ၊ BME ကလပ်၊ ရန်ကုန်အဲယားဝေး လေကြောင်းနဲ့ ကျောက်မျက်၊ ဟိုတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းများပိုင်ဆိုင်မှု အကြောင်းပြကာ မူးယစ်ဆေးဝါး အကြီးအကျယ်လုပ်ကိုင်ခဲ့ပြီး ရမခတိုင်းမှူး အဆက်ဆက် ဘိန်းအကောက်ပေးကာ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

နအဖက “၀” တွေကို လက်နက်ကိုင် စွန့်လွှတ်ဖို့ ဖိအားပေးနေခြင်းအား “၀” တို့ အနေနဲ့ မလိုက်လျောခဲ့ရင် မူးယစ်ဆေးဝါး အကြောင်းပြကာ “၀” ကို မုန်းတီးနေတဲ့ ဗိုလ်မောင်အေးက “ချ” ဖို့ ဟန်ရေးတပြင်ပြင် စစ်ပြင်လျက် ရှိနေပါတော့တယ်။

ဒါပေမယ့် နအဖဟာ ပိုက်ဆံမရှိလို့ “၀” တွေက တိတ်တိတ်ပုန်း ငွေမဲတွေနဲ့ ပိုက်ဆံ ချေးပေးလိုက်ရပြီး လက်နက်တွေ ခိုးသွင်းရတဲ့ ကိစ္စရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေကိုယ်တိုင်တနည်းတဖုံ ပါဝင်ပတ်သက်နေတာရယ်ကို “၀” တွေက ဖော်ထုတ်လိုက်ရင်လည်း နိုင်ငံတကာ မျက်နှာစာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားမှာကို နအဖ အနေနဲ့ စိုးရိမ်ပူပန်နေရပါတယ်။ ဒါ့ကြောင့် နအဖအနေနဲ့ အခုချိန်မှာ စုပ်လဲစူး စားလဲရူး ဘ၀မျိုးကို ရင်ဆိုင်နေရပါတယ်။

ဒါဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်ပြီး အာဏာရှင်စနစ်ကို မှားယွင်းစွာ တည်ဆောက်တဲ့အတွက် နအဖအနေနဲ့ အကျပ်အတည်း တွေ့နေရခြင်း ဖြစ်ပါတယ်။ နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ စားဝတ်နေရေး ချောင်လည်ရေးတို့အတွက် လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒကို နအဖဟာ မလွှဲမသွေ ပြောင်းလဲဖို့လိုပါတယ်။

၂၀၀၄- ၂၀၀၅ အမျိုးသားညီလာခံ ကျင်းပခဲ့စဉ် တိုင်းရင်းသားအဖွဲ့တွေ တင်ပြခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေကို နအဖက အထိုက်အလျောက် မလိုက်လျောသရွေ့  ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေအတွက် ကံကြမ္မာငင်မယ့် ရွေးကောက်ပွဲသာ ဖြစ်ပါကြောင်းနဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နအဖရဲ့  ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

နောက်အပိုင်းမှာတော့ UWSA “၀” တွေကို နအဖက နိုင်ထက်စီးနင်းလုပ်ခဲ့ပုံ၊ နအဖဟာ UWSA နဲ့ MTA ဘိန်းဘုရင် ခွန်ဆာတို့အပေါ် နိုင်ငံရေးအမြတ်ထုတ် လှည့်စားအသုံးချသွားပုံတွေကို ဆက်လက်တင်ပြသွားပါအုံးမယ်။

No comments: