Wednesday, November 18, 2009

ဒေါင်းနီ၏ ကဗျာများ

ခရီးသည်

မြို့ ပျောက်
တောမှောက်
နောက်ကျသော အိပ်မက်လမ်း
ဇရာလမ်းမှာ ကျန်နေ ---၊
ကြက် မမော
ယာ မညက်
အပြန်ခက်သော အိမ်လွမ်းခန်း
လက်ကျန်ရက်တွေ နည်းနေ---၊
ဆေး မပေး
မီး မယူ
ဖော်မဲ့ အပူ ကျွမ်းလောင်စမ်း
ပျံသန်း ထိုးဖောက် ရင့်မာနေ ၊၊ ။

ဒေါင်းနီ
ဝ၉-ဝ၁-ဝ၉

ထာဝရ
ငါ တော်လှန်လမ်းကို အလျားလိုက်ကူး
နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်
နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 
အမနာပလေထန်လည်း
အညံခံပြန်လှည့် ရိုး မရှိ---၊

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်
အာကာယံထက် ကပ်ငြိတွဲ
ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း
ဖြစ်တည်ရာ နေရာတိုင်း
သမိုင်းကြွေးကို မှတ်ထားမိ---၊

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး
နံရံတွေတောင် ရိုကျိုးဝပ်တွား
သွေးအောင်လံ တလွင့်လွင့်တိုး
ကမBာတရိုး မျိုးဆက်စိုက်ကာ
ဝိညာဉ်ရှိသရွေ့  အာခံနေပါ၏။

ဒေါင်းနီ
ဝ၉-ဝ၉-ဝ၉



အန္တိမ ဆုတောင်းခန်း

ဘဝ ဆက်တိုင်း
လွတ်လပ်ခြင်း
တရားမျှတခြင်း
တန်းတူညီမျှခြင်း
ငါ့မြေ ငါ့ရွာ
ငါ့တိုင်းပြည်မှာ
နှစ်ခြိုက်ပီတိဖြစ်စွာ ရလို၏၊

လူပြန်ဖြစ်တိုင်း
တာဝန်ကျေခြင်း
သစ္စာတည်ခြင်း
သိက္ခာမြဲခြင်း
ငါ့သွေးသောက်များ
အမိနိုင်ငံတော်မှာ
နှစ်ထောင်းအားရ ပိုင်လို၏၊

ခန္ဒာရှိတိုင်း
စွန့် လွှတ်ခြင်း
ပေးဆပ်ခြင်း
ပံ့ပိုးခြင်းများ
တစ်မြေတည်းဖွား
တစ်ရေတည်သောက်
တစ်မိုးအောက်ထဲ
နွေးထွေး ဝေမျှ ပေးလို၏၊

သွေးလည်ပတ်တိုင်း
ကျေးဇူးသိတတ်ခြင်း
ဦးညွတ် ဂါရဝပြုခြင်း
စောင့်ရှောက် ကူညီခြင်း
ဒို့ မိ ဒို့ ဖ
ဒို့ ဆရာတို့ အား
ကြည်နှုး ဝမ်းမြောက် အပ်လို၏၊

အတွေးဝေတိုင်း
တွဲလက်ခိုင်ခြင်း
ဖေးမစာနာခြင်း
ပြန်လှန် ပေးဆက်
ငါ့သက်ထား
ငါ့ရောင်းရင်း
ငါ့မိတ်ဆွေတို့ အား
ယုံကြည် လေးစား သွားချင်ပါ၏။

ဒေါင်းနီ
ဝ၉-၁၉-ဝ၉



ဤ ကဗျာများကို သုံးလိုပါက အခြေအနေအလိုက် အလျင်းသင့်သလို သုံးကြပါ၊
မိမိ ကျန်းမာရေးကို မယုံတော့ပါ၊






No comments: