Friday, May 13, 2011

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွားလာတာတွေလည်း ရှိတတ်ပါတယ်။

အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ
နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့ ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။

၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့စီစဉ်ခဲ့ကြတယ်။ ကယ်ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ချင်း တိုက်မိပြီး လူရောလက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိကန် ရာဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။

ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေရိကန်တပ်မတော်ထဲမှာ ရှိသမျှ အထူးတပ်ဖွဲ့တွေကို စုစည်းပြီး၊ အထူးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ Special Operation Commandဆိုပြီး စဖွဲ့ခဲ့ကြရတယ်။ အမေရိကန် တပ်မတော်မှာ လိုအပ်မှုအပေါ် မူတည်ပြီး တပ်ဖွဲ့တွေကို အထူးပြု ဖွဲ့စည်းထားတယ်။ ဥပမာ ၈၂လေထီးခုန် တပ်မကို ခြေမြန်တပ်မလို့ ခေါ်ပါတယ်။ လက်နက်ကြီးတွေ၊ တင့်ကားတွေ မပါဘဲ ရန်သူ့အနောက်ဝင်ပြီး သိမ်း၊ အချိန်တို ထိန်းထားရုံပဲ။ ပြီးမှ The Big Red လို့ ခေါ်တဲ့ တပ်မ အမှတ် ၁ လိုမျိုး တပ်မ အမှတ် ၄ လို တင့်ကားနဲ့လက်နက်ကြီးတွေပါတဲ့ တပ်မတွေ ၀င်လာပြီးနေရာယူ တပ်စွဲဖို့ကိုး။ ဥပမာ တောင်ပေါ်မှာတိုက်ဖို့ဆိုရင် အမှတ် ၁၀ တောင်ပေါ် တပ်မဟာ နယူးယောက် ပြည်နယ်မှာ ရှိတယ်။ မြန်မာတပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ ၇၇ ၊ ၈၈ ၊ ၉၉ ၊ ၆၆ စတဲ့ခြေမြန်တပ်မတွေဟာ ၈၂ လေထီးခုန် တပ်မကို စံထားပြီး ဖွဲ့စည်းခဲ့တာလို့ အတွင်းသိတွေကပြောပြကြတယ်။

ဒီလိုပဲအထူးတပ်ဖွဲ့တွေကိုလည်း တာဝန်ခွဲထားတယ်။ ဥပမာ ဒယ်လ်တာ Delta တပ်ဖွဲ့တွေက ဓားစာခံ တွေကို ကယ်ဖို့ အထူးလေ့ကျင့်ထားတယ်။ ဒါ့အပြင် ဒယ်လ်တာ တပ်ဖွဲ့တွေဟာ ၁၉၇၀ ခုနှစ်တွေမှာ အာရပ် အကြမ်းဖက်သမားတွေ ကာလမှာဖွဲ့စည်းခဲ့တာကြောင့် အကြမ်းဖက်သမားနဲ့ သူပုန်နှိမ်နင်းရေးတွေ အတွက်လည်း လေ့ကျင့်ထားပါတယ်။ ရိမ်ဂျားတွေကတော့ အမေရိကန် တော်လှန်ရေးစစ် မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။


ရိမ်ဂျားတွေကတော့ချက်ချင်း စေလွှတ်၊ တပ်စွဲနိုင်တဲ့ တပ်ဖွဲ့တွေ ဖြစ်တယ်။ ရေတပ် ဆီးလ် Navy SEAL – SEAirLand တပ်ဖွဲ့ကို သမ္မတ ကနေဒီလက်ထက်မှာ ဖွဲ့ခဲ့တာပါ။ သမ္မတကနေဒီက သမားရိုးကျ မဟုတ်တဲ့တပ်ဖွဲ့ကနေ လိုချင်လို့ ဆီးလ်ကို ဖွဲ့စည်းခဲ့ခြင်းပါ။ ဆီးလ်တပ်ဖွဲ့ ၆ ကို မဖွဲ့ခင်ကဆီးလ်အဖွဲ့ နှစ်ခုပဲ ရှိပါတယ်။

အမေရိကန်စစ်တပ်မှာ ကြည်း-ရေ-လေ-မရိန်း ဆိုပြီး ရှိရာ ထိပ်ပိုင်းမှာ အတူတွဲလုပ်ကြဖို့ပူးတွဲအဖွဲ့ဆိုပြီး ဖွဲ့စည်းလေ့ရှိပါတယ်။ ကြည်း-ရေ-လေ-မရိန်းတွေရဲ့ ထိပ်ဆုံးဗိုလ်ချုပ်ကြီးများအဖွဲ့ကို ပူးတွဲစစ်ဦးစီးချုပ် Joint-Chief-of-Staff လို့ ခေါ်ပါတယ်။ မြန်မာစစ်တပ်မှာ general staff ကို အတိုကောက် G1,G2,G3 ခေါ်ကြသလို J1,J2,J3 ဆိုပြီး ရှိပါတယ်။ စစ်ဖက်ဆိုင်ရာ ပြဿနာပေါ်လာရင် ဒီ ပူးတွဲအဖွဲ့ကပဲတာဝန်ယူ ဖြေရှင်းကြရပါတယ်။ ဒါကြောင့် အီရန် ဓားစာခံ ပြဿနာပေါ်တော့ နောက်ဆုံး ကယ်ဖို့အဖွဲ့ကို လွှတ်ရင် အဆင်သင့်ဖြစ်အောင် ဒီပူးတွဲ အဖွဲ့ကပဲ
ပြင်ဆင်ရပါတယ်။သိန်းငှက်ခြေသဲလို့ အမည်ပေးထားတဲ့ အီရန် ကယ်တင်ရေးစစ်ဆင်ရေး အရှုံးနဲ့ ရင်ဆိုင်ရအပြီးမှာ ရေတပ်က အချိန်ပြည့် အမြဲတမ်းအကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့တော့ ရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အီရန်ပြဿနာအတွက်ရေတပ်ကို ကိုယ်စားပြုဖို့ ဂျွိုင့်အဖွဲ့မှာ ခန့်အပ်ခံရတဲ့ ဒုဗိုလ်မှူးကြီး ရစ်ချပ်မာဆင်ကို Richard Marcinko ကို တာဝန်ပေးအပ်ခဲ့ပါတယ်။

သူကရေအောက်ဗုံးဖောက်ခွဲရေးအဖွဲ့နဲ့ ဆီးလ်အဖွဲ့ ၁ နဲ့ ၂ တွေကနေ အတော်ဆုံး လူတွေကိုထပ်ဆင့် ဇကာတင် ရွေးချယ်ပြီး၊ ဆီးလ်တပ်ဖွဲ့၆ ကို ၆ လအတွင်း အဆင်သင့်ဖြစ်အောင် ဖွဲ့စည်းထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းကဆီးလ်အဖွဲ့ ၂ ဖွဲ့ပဲ ရှိပေမယ့်လည်း ပြိုင်ဘက် ဆိုဗီယက်တွေ မျက်စိလည်စေဖို့တမင်သက်သက် ဆီးလ်တပ်ဖွဲ့ ၆ လို့ ခေါ်ဆိုခဲ့တာပါ။ စကတည်းက ရည်ရွယ်ချက်နဲ့စခဲ့တာကြောင့် ဆီးလ်တပ်ဖွဲ့ ၆ ဟာ ဆီးလ်တပ်ဖွဲ့တွေမှာ အကောင်းတကာ့ အကောင်းဆုံး ဖြစ်လာပါတယ်။

ဒီလို အထူးတပ်ဖွဲ့တွေဆိုတာအဖွဲ့ စဖွဲ့ရတဲ့ ရည်ရွယ်ချက်၊ မိခင်အဖွဲ့အစည်းရဲ့ အားပေးထောက်ခံမှုကနေ
နောက်ဆုံးသင်တန်း ဖွဲ့စည်းပို့ချမှုအပေါ် မူတည်ပါတယ်။ ဒီအပေါ်မှာမှီပြီး ဘယ်သူတွေကို ဘယ်လိုရွေးပြီး၊ ဘာတွေပို့ချမယ်ဆိုတာ ဖြစ်ပေါ်လာရတာကိုး။ ရေတပ်ရဲ့ ဆီးလ်သင်တန်းဟာ အကောင်းဆုံး၊အကြမ်းဆုံးတခု လာဖြစ်ပါတယ်။ သင်တန်းမှာကို လူသေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အထူးတပ်ဖွဲ့သင်တန်းမို့ ကာယစွမ်းအား တခုထဲကို ရည်စူးတာမဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်းအသားပေးထားတာ တွေ့ရတယ်။ ဥပမာ ပင်ပန်းမှုကို မခံနိုင်တော့ဘူးဆိုရင်ခေါင်းလောင်းတီးရတယ်။ သင်တန်းဆရာတွေကလည်း မခံနိုင်ရင် ခေါင်းလောင်းတီးဖို့ အားပေးကြတယ်။ သေသေကြေကြေ ဇွဲနဲ့ ဖြစ်အောင်ကျော်မယ်ဆိုတဲ့ ဆန်ကာတင် လူမျိုးတွေကိုပဲလိုချင်တာကိုး။ တချို့သင်တန်းတွေမှာ ၈၀ % ပြုတ်ကျခဲ့တယ်။ ပိုခက်လေ ဆွတ်ခူးနိုင်သူနည်းလေ၊ ဆီးလ်တံဆိပ်ဟာ ပိုတန်ဖိုးရှိလေ၊ လိုချင်သူများလေ လူတော်တွေအတွက် သက်သက် လာဖြစ်တာပေါ့။ ဆီးလ်သင်တန်းမှာ hell week လို့ခေါ်တဲ့ငရဲအပတ်ဟာ အဆိုးဆုံးနဲ့ နာမည် အကြီးဆုံးပဲတဲ့။ အောင်မြင်သူတိုင်း မှတ်မှတ်ရရတခုတော့ ကျန်ခဲ့ကြရတာပဲတဲ့။ တပတ်လုံး ၅ နာရီလောက်ပဲ အိပ်ချိန်ရကြောင်း ဆီးလ်တယောက်ကပြန်ရေးပြတဲ့ ဆောင်းပါးမှာ အသေအချာ ဖော်ပြထားပါတယ်။

ဒါက ရိုသာမန်ဆီးလ်သင်တန်းပဲ ရှိသေးတယ်။ ဆီးလ်အဖွဲ့ ၆ က ဒီဆီးလ်အသင်းတွေထဲကမှ ပြန်ရွေးပြီး ထပ်ဆင့်ကွန့်ထားတဲ့ အကောင်းတကာ့ အကောင်းဆုံးအဖွဲ့။ အခုတော့ ဆီးလ်အဖွဲ့တွေဟာ ၁ မှ ၅နဲ့ ၇ မှ ၁၁ အထိ ရှိပြီလို့ ဆိုကြတယ်။ ဒီအဖွဲ့တွေနဲ့ ရေအောက်မိုင်းခွဲအဖွဲ့က လူတွေထဲကမှအတော်ဆုံး လူတွေကို ဆန်ကာတင် ထပ်စိစစ်ပြီးမှ အဖွဲ့ ၆ အတွက် စဉ်းစားတာဖြစ်တဲ့အတွက်အဖွဲ့ ၆ လူတွေဟာ အသက် ၂၀ ကျော်လေးတွေ မဟုတ်၊ အတွေ့အကြုံရှိတဲ့ အသက် ၃၀ ကျော်တွေ များတယ်တဲ့။ ဒီအဖွဲ့က လူဟောင်းတယောက်က ကြွားဖူးတယ်။ ဒီအဖွဲ့ တနှစ်သင်တန်းမှာ ပစ်တဲ့ ကျည်ထောင့်တွေဟာမရိန်းကော်တခုလုံး သုံးတာထက် များတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ပစ်နိုင်တာထက်ပစ်တတ်တာကို အရေးပေးတယ်တဲ့။ ဥပမာ ထောင့်မျိုးစုံ၊ နေရာမျိုးစုံ၊ အနီးအဝေးမျိုးစုံ close-quarter battle (CQB) လို့ ခေါ်တဲ့ အနီးကပ်တိုက်ပွဲ၊ အခြေအနေမျိုးစုံကို ဖန်တီးပြီးဖိအားပေးပစ်ခတ်မှု stress shooting တို့ကို စုံစုံလင်လင် သင်ကြားပို့ချတာကြောင့်ကျည်ဆန်ကတော့ ဖြုန်းချင်သလောက် ဖြုန်းတော့ပေါ့။

ဒီကမှတဆင့် လေပေါ်ကနေ ကြိုးနဲ့ ရုတ်တရက်ဆင်းနိုင် ခုန်ချနိုင်တာ၊ လေထီးနဲ့ ဆင်းနိုင်တာ စတဲ့ လေပေါ်ကနေလည်း ထိုးဖောက်နိုင်တာကိုအကုန်လေ့ကျင့်ကြရတယ်။ ကျနော်အကြိုက်ဆုံးကတော့
ခွေးတွေကိုပါ လေထီးနဲ့ လူနဲ့ ချိတ်ပြီးတခါထဲ လေထီးနဲ့ ခုန်ချနိုင်တယ်။ ဓာတ်ပုံထဲမှာ ခွေးတွေကလည်း ဂီယာအပြည့်အစုံနဲ့ ကျည်ခံအင်္ကျီနဲ့ ဂေါ်ဂါမျက်မှန်နဲ့ အတော်ကြည့်ကောင်းတယ်။ ခွေးသူရဲကောင်း
ခွေးဆီးလ်တွေပဲ။ ခွေးတွေက ဗုံးအနံ့ခံဖို့၊ မမြင်ရတဲ့ ရန်သူကို ၀င်ဆွဲဖို့။ အသေခံ ခါးပတ်ဝတ်ထားသူဆိုရင်
ခွေးဟောင်တာနဲ့ ရန်သူက ဗုံးမခွဲနိုင်ခင် အရင်ပစ်ထားမှ ဘင်ကြီးကိုဝင်တိုက်တော့ ခွေးဆီးလ်လည်း ပါသွားတာကြောင့် တကမ္ဘာလုံးမှာ ပြောမဆုံး ဖြစ်နေကြတယ်။ စစ်ပွဲမှာ အသက်ပေးသွားတဲ့ စစ်ခွေးသူရဲကောင်းတွေ အများကြီး ရှိတာကို သိစေချင်တာပါ။

ဆီးလ်အဖွဲ့ ၆ ဟာရေတပ်ရဲ့ အထူးစစ်ဆင်ရေး ထူထောင်မှုအုပ်စု Naval Special Warfare Development Group အောက်မှာရှိတဲ့အတွက် တခါတရံ ဆီးလ်အဖွဲ့ ၆ ကို အတိုကောက် "DEVGRU" လို့ ခေါ်ကြပါတယ်။ ဒီအဖွဲ့တာဝန်က လျှို့ဝှက်ဆိုပေမယ့် အများခန့်မှန်းကြတာက အကြမ်းဖက်သမားတွေ မဖျက်ဆီးနိုင်ခင်ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးသတ်ဖြတ်တာမျိုး၊ လူအများ သေနိုင်တဲ့ လက်နက် WMD တွေမပြန့်ပွားရအောင် ကြိုကင်ကာကွယ် သတ်ဖြတ်တာမျိုး။ ရန်သူ-ပစ်မှတ်ကို မရင်းနှီးတဲ့နိုင်ငံဒေသတွေမှာ ၀င်ရောက်ဖမ်းယူ ဒါမှမဟုတ် ပစ်သတ်ရှင်းလင်းဖို့ ဖြစ်တယ်လို့နားလည်လက်ခံထားကြတယ်။ ဒီအဖွဲ့ဟာ အကြမ်းဖက်သမားတွေ ရန်မလုပ်နိုင်ခင် ၀င်ရောက်ပြီးဖျက်ဆီးသတ်ဖြတ်ခွင့် ရှိတဲ့ လက်တဆုပ်စာ အဖွဲ့တွေထဲမှာ တခုအပါအ၀င်ပါ။ ဆီးလ်တွေရဲ့ထိရောက်မှု၊ အရေးပါမှု ဘယ်မှာထင်ပေါ်လာသလဲဆိုရင် နောက်ဆုံးပေါ် အမေရိကန် တိုက်စစ်ရေငုပ် သင်္ဘောဒီဇိုင်းတွေမှာ ဆီးလ်ထွက်ပေါက်ဆိုတာတွေ ပါလာပြီ။ ဆီးလ်တွေကို ရန်သူ့နယ်မြေအတွင်း ပို့ဆောင်ပေးရင် ရေငုပ်သင်္ဘောဟာ ရေအပေါ် ဖော်စရာမလိုတော့။ ရေအပေါ် မရောက်တရောက်မှာ ရေအောက်မှာ ဆီးလ်တွေကို ချပေးခဲ့လို့ ရပြီ။

ဒီဆီးလ်အဖွဲ့ဟာJSOTF လို့ ခေါ်တဲ့ တပ်ပေါင်းစု အထူးတပ်ဖွဲ့အောက်မှာ တခြားတပ်ဖွဲ့တွေနဲ့အတူ ပူးတွဲလေ့ကျင့်တာဝန်ထမ်းဆောင်ကြရပြန်တယ်။ ဥပမာ ဆီးလ်အဖွဲ့ ၆ ဟာ တပ်ပေါင်းစု ပူးတွဲအထူးတပ်ဖွဲ့အုပ်ချုပ်မှု Joint Special Operation Command ရဲ့ အမြင့်ဆုံးတပ်ဖွဲ့ဝင် Tier 1 တဖွဲ့ ဖြစ်တယ်။ တခြားတပ်ဖွဲ့ကတော့ ကြည်းတပ် ဒယ်လ်တာ Army Delta Force ဖြစ်တယ်။ အရေးအကြီးဆုံးတာဝန်ကို ဒီနှစ်ဖွဲ့ကိုပဲ စေခိုင်းမှာပါ။ တခါတလေ ဒီအဖွဲ့နှစ်ခုလုံးရဲ့ လူတွေပါတဲ့လူစုံအဖွဲ့နဲ့ တိုက်ရတဲ့ အခါတွေလည်း ရှိပါတယ်။ ဆီးလ် အဖွဲ့ဝင်တွေ မလွဲမသွေအတူတိုက်ပွဲဝင်ရတဲ့ အဖွဲ့မှာ အမှောင်ထုအတွင်း နောက်ရောင်ခံသူတွေ Night Stalkers လို့အမည်ရတဲ့ 160th Special Operations Aviation Regiment အမှတ် ၁၆၀ အထူးလေကြောင်းတပ်ရင်း အဖွဲ့ဝင်တွေ ဖြစ်တယ်။ အမေရိကန်စစ်တပ်မှာ တိုက်စစ်ရဟတ်ယာဉ်အုပ်စုဟာ ကြည်းတပ်အောက်မှာ ရှိတယ်။ အထူးလေကြောင်း တပ်ဖွဲ့ဟာကင်တတ်ကီပြည်နယ် ဖော့ကင်းဖယ်မှာ ရှိတယ်။ အထူးတပ်ဖွဲ့ဝင်တွေအတွက် ရဟတ်ယာဉ်တွေကို ဒီလေကြောင်းအထူးတပ်ဖွဲ့သမားတွေက မောင်းနှင်ပေးရတယ်။

ရေတပ်မှာရေတပ်အထူးတပ်ဖွဲ့ဝင်တွေ ရှိသလို၊ လေတပ်မှာလည်း လေတပ်အထူးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ထဲမှာ 24th Special Tactics Squadron ဟာ နာမည်အကြီးဆုံးပဲ။ ဒါပေမဲ့ လေတပ်ရဲ့ အဓိက တာဝန်က ရှာဖွေကယ်တင်ရေး ဖြစ်တာကြောင့် တခြားတပ်ဖွဲ့တွေ ဆီးလ်တို့လို နာမည်ကောင်းမရရှာဘူး။ ဒီအထူးတပ်ဖွဲ့ဝင်တွေ အားလုံးကို အောက်မှာ ထားပြီး ကိုယ်ပိုင်ထောက်လှမ်းရေး အုပ်စုလည်း ရှိပြန်တယ်။ ဒီအထူးတပ်ဖွဲ့ တခုလုံးကို ဒုဗိုလ်ချုပ်ကြီး (ကြယ်သုံးပွင့်) က အုပ်ချုပ်တယ်။ သူ့အထက်ကမှ U.S. Special Operations Command (USSOCOM) ဆိုပြီးရှိပါတယ်။ ဗိုလ်ချုပ်ကြီး (ကြယ် ၄ ပွင့်) က အုပ်ချုပ်တာပါ။ ကွာခြားတာက JSOC ကတိုက်ခိုက်ရေး သက်သက်ကို အလေးထားတယ်။ USSOCOM က ဘတ်ဂျက်၊ နိုင်ငံရေး၊ နိုင်ငံခြားဆက်ဆံရေး စတဲ့ အပိုတွေ ပါလာတယ်။ နောက် CIA မှာ အထူးဌာနခွဲ ရှိပါတယ်။ သူ့အောက်မှာမှ အထူးလှုပ်ရှားမှုအုပ်စုSpecial Operations Group SOG ဆိုတာ ရှိပြန်တယ်။ ဒီအုပ်စုဟာ တဖန် အထူးတပ်ဖွဲ့ကလူတွေနဲ့ ဆီးလ်တပ်ဖွဲ့ ၆ က လူတွေကိုပဲ တခါပြန်စည်းရုံးပြီး ဖွဲ့စည်းထားတာပဲ။





အာဖဂန်ကိုဝင်သိမ်းတော့ အမေရိကန်စစ်တပ်ကြီးနဲ့ ၀င်လာတာမှ မဟုတ်တာ။ CIA ရဲ့ အထူးလှုပ်ရှားမှုတပ်ဖွဲ့တွေက တာလီဘန်တွေရဲ့ အဓိက ပြိုင်ဘက်နဲ့ ရန်သူဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဆီ ရောက်လာတယ်၊ မြေပြင်ကနေ အတိအကျ သတင်းပေးပြီး အမေရိကန်လေယာဉ်တွေက ဗုံးမိုး ရွာပေးတယ်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက တာလီဘန်တွေကို မောင်းထုတ်နိုင်ခဲ့ကြတာကိုး။ ဗီယက်နမ် စစ်ပွဲကတည်းက CIA အထူးဌာနသမားတွေနဲ့ စစ်ဖက်က အထူးတပ်ဖွဲ့တွေဟာ အတူတူပူးပေါင်းတပ်ပွဲဝင်ခဲ့တဲ့ ရာဇ၀င် ရှိခဲ့သလို၊ အခု အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေမှာ တက်ညီလက်ညီပူးပေါင်းတိုက်နေပါတယ်။

ဘင်တို့ မပေါ်ခင်တုန်းကအမေရိကန်စစ်တပ်ဟာ သမားရိုးကျ စစ်တိုက်နည်းအတွက်ပဲ ဖွဲ့စည်းထားတာပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အနောက်အုပ်စုနဲ့ အရှေ့အုပ်စုတို့ စစ်အေးတိုက်ပွဲ ဆင်နွှဲခဲ့ကြတာ
နှစ်ဖက်စစ်တပ်ကြီးတွေ လက်နက်ကြီးတွေနဲ့ ချိန်ထားကြပြီး စစ်ပြင်ခဲ့ကြတယ်။ နှစ်ဘက်လုံးအင်အားနဲ့မို့ စင်မက်တြစ် Symmetrical Warfare လို့ ခေါ်ပါတယ်။ ဆိုဗီယက်ပြိုကွဲပြီး ဘင်ကြီးတို့ခေတ် ရောက်လာတော့ ရန်သူဟာ ယူနီဖောင်း ၀တ်ထားတာ မဟုတ်။ လက်နက်ကလည်း အသေခံခါးပတ် ၀တ်ထားတဲ့ မိမိရဲ့ ခန္ဓာကိုယ်။ စစ်မြေပြင်ကလည်း လူထူထပ်ရာအနောက်နိုင်ငံတွေရဲ့ မြို့တော်တွေ။ ရန်သူက တနည်းအားဖြင့် မမြင်ရတဲ့ ရန်သူ။ ဒါ့ကြောင့်မညီမျှတဲ့ တဖက်စောင်းနင်း စစ်မို့ Asymmetrical Warfare လို့ ခေါ်ပါတယ်။ ဒီလိုစစ်အနေအထားမှာ တင့်ကားတွေ၊ စစ်တပ်ကြီးတွေဟာ အသုံးမ၀င်လှတော့ပါ။ စစ်တပ်ကြီးတွေအစားအထူးကျွမ်းကျင်တဲ့ အထူးစစ်သားတွေဟာ အကြမ်းဖက်သမားတွေ အဖျက်အဆီးတွေ မလုပ်နိုင်ခင် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို သတ်ဖြတ်ချေမှုန်းပြီး၊ သူတို့ရဲ့ စခန်းတွေကို ဖျက်ဆီးနိုင်မှ၊ ဘေးရန်ကနေ ကြိုတင်ကာကွယ်နိုင်မည်၊ ဒါကြောင့် အလျင်အမြန် ရွှေ့ပြောင်းနိုင်တဲ့အထူးတပ်ဖွဲ့ဝင်တွေဟာ ပိုအရေးပါလာပါတယ်။

သမ္မတဘုရှ် လက်ထက်ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစဖီးရဲ့ ညွှန်ကြားမှုအောက်မှာ အမေရိကန် စစ်တပ်ကိုပြောင်းလဲပြင်ဆင်ခဲ့ကြပါတယ်။ စစ်တပ်ကြီးတွေ ပြင်ဆင်တိုက်ပွဲဝင်မယ့်အစား အလျင်အမြန်
ရွှေ့ပြောင်းနိုင်မယ့် အထူးတပ်ဖွဲ့တွေကို ချဲ့ထွင်ပြီး၊ လက်နက်ငယ်တွေကိုရှေ့စခန်းတွေမှာ ကြိုတင်ချထားတယ်၊ အထူးတပ်ဖွဲ့ဝင်တွေကို အလျင်အမြန်စေလွှတ်နိုင်အောင် ပြောင်းလဲပြင်ဆင်ခဲ့ကြပါတယ်။ ဒါ Asymmetrical Warfare ကိုလည်းတိုက်နိုင်ဖို့ ပြင်ဆင်မှုပါပဲ။ ဥပမာ နှစ်စဉ်နှစ်တိုင်း ထိုင်းနဲ့ အမေရိကန် ကိုဘရာလို့ခေါ်တဲ့ ပူးတွဲစစ်ဆင်ရေး လုပ်ကြတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေ ပြန်ယူမသွားကြတော့၊ ဒီဒေသမှာစစ်ဆင်ရေး ပြုရရင် အထူးတပ်ဖွဲ့ဝင်တွေကို အလျင်အမြန် လွှတ်ရုံပဲ။ တချို့ဒေသတွေမှာလက်နက်ရုံတွေ ထားပြီးသား။

အခု အာဖဂန်မှာ အမေရိကန်ရဲ့မူဝါဒက သူပုန်ချေမှုန်းရေးနဲ့ အကြမ်းဖက်ချေမှုန်းရေး တန်ပြန်တွေဖွဲ့ထား ခွဲထားပါတယ်။ သူပုန်တန်ပြန်မှု မူဝါဒက စစ်တပ်က စစ်တိုက်ရုံမကဘဲရပ်ရွာရပ်သားတွေကို တိုးတက်အောင်ပါ ဆောင်ရွက်ပေးပါတယ်။ ဥပမာ ကျောင်းတွေ ဆောက်ပေးမယ်၊ ဆေးကုပေးမယ်၊ လမ်းတွေ ဖောက်ပေးမယ်ပေါ့။ ပြည်သူတွေ သူပုန်ကို မကူအောင်ပေါ့။ သဘောထားပျော့ပျောင်းတဲ့ သူပုန်တွေကို ဆွေးနွေးသိမ်းသွင်းပေါ့။

အကြမ်းဖက် တန်ပြန်မှုမူဝါဒကတော့ အကြမ်းဖက်သမားတွေကို ရှာ၊ သူတို့ရဲ့ စခန်းတွေကိုရှာပြီး
ချေမှုန်း၊ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်ပေါ့။ အမေရိကန်တွေ ၀င်မတိုက်နိုင်တဲ့ ပါကစ္စတန် အနောက်မြောက်ဒေသမှာလည်း မောင်းသူမဲ့ လေယာဉ်တွေ ၂၄ နာရီမပြတ် ပျံသန်းနေပြီး အကြမ်းဖက်သမားတွေ မလှုပ်နိုင်အောင် ထိန်းထားရတာပေါ့။ CIA က ပါကစ္စတန်မှာ ကွန်ယက်တွေ ထူထောင်ဖြန့်ထားနိုင်ပြီးတန်ဖိုးကြီး အကြမ်းဖက်သမား ခေါင်းဆောင်တွေကို သုတ်သင်တဲ့ မောင်းသူမဲ့ လေယာဉ်တွေကို CIA ကိုယ်တိုင် တာဝန်ယူရပါတယ်။ ဒါပေမဲ့ CIA နဲ့ JSOTF လက်အောက်ရှိ အထူးတပ်ဖွဲ့တွေဟာအနီးကပ် ပူးပေါင်းတာဝန်ယူကြရပါတယ်။

ဥပမာ ဘင်ကြီးကို နောက်ယောင်ခံရှာရတာကCIA ရဲ့ တာဝန်။ ဘင်ကြီးကို လေယာဉ်ပေါ်က ဗုံးကြဲမလား၊ အထူးတပ်ဖွဲ့တွေနဲ့ ၀င်ဖမ်းမလားဆိုတဲ့ ဖြစ်နိုင်ခြေတွေကို CIA က ဦးစီးပြီး တင်ပြရပါတယ်။ သမ္မတက ၀င်တိုက်၊ ၀င်ဖမ်းဖို့ကိုစဉ်းစားပြီဆိုတာနဲ့ CIA အကြီးအကဲက JSOTF ဦးစီး ရေတပ်ဒုဗိုလ်ချုပ်ကြီး မက်ရေဗင် Adm. McRaven ဖိတ်ခေါ်ပြီး သူ့လူတွေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ရတယ်။ ဆီးလ်တွေက အမေရိကားမှာဘင့်အိမ်နဲ့ ပုံတူအိမ်မှာ
လေ့ကျင့်ကြပြီး အာဖဂန်မှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းက သီးသန့်နေရာမှာ ထပ်ကျင့်ကြရတယ်။

ဗိုလ်ချုပ်ရေဗင်ကိုယ်တိုင် ဘာဂရမ်ကို ရောက်နေတယ်။ ဒီလို အထူးအရေးကြီးတဲ့ဖြစ်ရပ်မျိုးတွေမှာ အတိအကျ ဖြစ်ဖို့က သိပ်အရေးကြီးသလို၊ ဖြစ်နိုင်ခြေအားလုံးကို ကြိုတင်စဉ်းစားပြီး ဘာလုပ်မလဲဆိုတာကိုပါ လေ့ကျင့်ပြင်ဆင်ရတယ်။
ဖြစ်လာမှ စဉ်းစားဖို့ အချိန်မရှိ။ ပါကစ္စတန် အစိုးရကို အသိမပေးထားတာကြောင့် ပါကစ္စတန်တွေကိုပါ နောက်ဆုံး တိုက်ထွက်ရမယ်လို့ပြင်ဆင်ထားရသလို၊ ဘင်ကြီးမဟုတ်ရင် ချက်ချင်း ပြန်ဆုတ်ဖို့ပါ ပြင်ဆင်ထားကြရတယ်။

ထင်တားတဲ့အတိုင်းဘင်ကြီးအိမ်ကို ရဟတ်ယာဉ်အဆင်းမှာ ပြဿနာ စပေါ်တော့တာပဲ။ ဒီပွဲမှာမှ အမေရိကန်ကရေဒါကို ဖောက်နိုင်တဲ့ ရဟတ်ယာဉ်ကို စသုံးရတာ။ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ်ကို ပြန်လည်ပြင်ဆင်မွမ်းမံထားတာ။ ရေဒါက ပစ်လွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေကို မပြန်နိုင်အောင် ရဟတ်ယာဉ်ကိုယ်တည်အပေါ်မှာ ပစ္စည်းသစ်တွေနဲ့ ထပ်ဖြည့်ထားသလို ပန်ကာအပိုကိုလည်း အနောက်ပန်ကာမှာ တပ်ဆင်ထားရပါတယ်။ ABC သတင်းဌာနက ကျွမ်းကျင်သူရဲ့ အဆိုအရ လေယဉ်အသံဟာ နီးလာတယ်လို့ ထင်ရမယ့်အစား ဝေးသွားအောင် လှည့်စားမှုပါတယ်လို့ သိရတယ်။ အတိအကျကတော့ ဘယ်သူမှ မသိနိုင်။ ရေဒါကိုဖောက်ထွင်းနိုင်တဲ့ အက်ဖ် ၁၁၇ တိုက်လေယာဉ်တွေလည်း ထိန်းရခက်တာ၊ မောင်းရခက်တာ နာမည်ကြီးပဲတဲ့။ ဒါကြောင့် ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်သားတွေ အချမှာတင် ရဟတ်ယာဉ်တစင်းဟာ အဆင်းမှာတင်ပြဿနာပေါ်ပြီး နံရံနဲ့ တိုက်မိတော့တယ်။

ဒီလိုဖြစ်မှာစိုးလို့ MH-47 ချနွပ် ရဟတ်ယာဉ် နှစ်စင်းက လေအပေါ်မှာ ပျံဝဲနေတယ်။ ဒါကြောင့် မိနစ် ၃၀ အပြီး လေ့ကျင့်ထားတဲ့တိုက်စစ်ဟာ မိနစ် ၄၀ ကြာသွားတယ်။ ပါကစ္စတန် စစ်သားတွေကလည်း တပ်နယ်မှာ ပေါက်ကွဲသံတွေကြားတာကြောင့် စစ်သားတွေ စုနေကြပြီ။ နောက်ဆုံး - ပျက်စီးသွားတဲ့ မိမိတို့ ရဟတ်ယာဉ်ကို ဗုံးနဲ့ ခွဲပစ်ခဲ့ကြပြီး ဘင်ရဲ့ မိန်းမတွေကို ထားပစ်ခဲ့ရတယ်။ ရေဒါကို ဖျောက်နိုင်၊ ကျော်နိုင်တဲ့ ရဟတ်ယာဉ်ကို ထုတ်နိုင်ဖို့ အမေရိကန်တွေ ကြိုးစားခဲ့ကြတာကတော့ အသိပါ။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာသာ မသိကြတာပါ။ အခုတော့ သိသွားကြပြီပေါ့။ စရိတ်သိပ်ကြီးတာကြောင့် အများသုံး မထုတ်တော့ဘဲ အထူးစစ်သားတွေအတွက်ပဲ စပယ်ရှယ် မွမ်းမံခဲ့တာပါ။သာမန် UH-60x ဘလက်ဟော့ခ် တစီးဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကျော်ပဲ ကျတယ်။ ပြင်ဆင်မွမ်းမံထားတဲ့ တစီးဟာ သန်း ၆၀ ကျတယ်တဲ့။ လျှို့ဝှက်စီမံကိန်း ဖြစ်တာကြောင့် ဘယ်သူမှတော့ အတိမကျ မပြောနိုင်ကြပါဘူး။

အမေရိကန် အထူးစစ်သားတွေပါကစ္စတန် လေပိုင်နက်က ထွက်မှ အမေရိကန်ရဲ့ အကြီးဆုံးဗိုလ်ချုပ်က ပါကစ္စတန် ဦးစီးချုပ်ကိုအသိပေး တောင်းပန်စကား ဆိုခဲ့တာကြောင့် ပါကစ္စတန်ဗိုလ်ချုပ်တွေက အရှက်ပြေ စိတ်ဆိုးပြ၊ ခြိမ်းခြောက်ပြပေါ့။ အမေရိကန်တွေ မိမိတို့ ရဟတ်ယာဉ်ကို ဖျက်ဆီးပစ်ခဲ့ကြပေမယ့် အမြီးခြမ်းမှာပြင်ဆင်ထားတဲ့ ပန်ကာက ဒီအတိုင်း ကျန်ခဲ့တယ်။ တရုတ်ကြီးက ကြည့်ချင်တယ်ဆိုပြီး မေလ၁၀ ရက်ထုတ် သတင်းတွေမှာ ပါလာတယ်။ ဒီရဟတ်ယာဉ်တွေကို မောင်းတာက ကြည်းတပ်လေကြောင်းတပ်ဖွဲ့သား Night Stalkers တွေလေ။ ဒါကြောင့် သမ္မတ အိုဘားမားကိုယ်တိုင် ဖော့ကင်းဖယ်ကိုသွားပြီး၊ လေယာဉ်မှူးတွေနဲ့အတူ အထူးစစ်သားတွေကို ကျေးဇူးတင်စကား တွေ့ဆုံပြောကြားခဲ့တယ်။

ဘင်လာဒင်ကို အခုလိုအပြတ်ရှင်းနိုင်တဲ့အတွက် အမေရိကန်နဲ့ ဘာသာရေးတယူသန် အကြမ်းဖက်သမားတွေရဲ့ အကြားစစ်ပွဲဟာ အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်သွားပြီလို့ ယူဆကြတယ်။ ဘင်ကြီးအိမ်ကရလာတဲ့ လျှပ်စစ်အချက်အလက်တွေကလည်း နည်းနည်းနောနော မဟုတ်။ ဘင်ကြီးဟာ အလကား ထိုင်နေတာမဟုတ်၊ အားလုံးကို အဝေးကနေ ကြီးကြပ်နေတာလို့ ပေါက်ကြားလာတဲ့ သတင်းတွေက ဆိုပြန်တယ်။ အားလုံးမှန်ခဲ့ရင် ဘင်ကြီးတို့ အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံးခန်းရဲ့ အစဖြစ်သွားနိုင်တယ်။

ဒါတောင် ဘင်ကြီးမှာသေနတ်မရှိဘူး၊ ဒီလိုပစ်သတ်တာဟာ တရားမ၀င်ဘူး၊ ဖမ်းပြီး တရားဥပဒေအရ တရားစွဲပါလား စသဖြင့်စသဖြင့် ပွဲပြီးမှ တစခန်းထနေတဲ့ တယူသန် စိတ်ကူးယဉ်သမားတွေကလည်း ရှိသေးတယ်။ ဒီမိုကရေစီမှာ ဒီလိုလူတွေကိုလည်း သည်းညည်းခံကြရတာပဲ။ အိုဘားမားကို ဒီလို စိတ်ကူးယဉ်သမားတွေလိုပဲ
ပျော့ပြောင်းသွားအောင် နော်ဝေးက နိုဘယ်ဆုပေးသမားတွေက သူ ဘာမှ တိတိကျကျတာဝန်မထမ်းဆောင်ရသေးခင် ငြိမ်းချမ်းရေးနိဘယ်ဆု ချီးမြှင့်ပြီး ဆွယ်ခဲ့ကြသေးတယ်။ အိုဘားမားက ဆုလက်ခံတဲ့ ပွဲမှာ ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပေမယ့် သူ့ကိုရွေးကောက်တင်မြှောက်ခဲ့တဲ့ အမေရိကန် ပြည်သူတွေကို သူ့တာဝန် သူသိပါကြောင်း၊ အမေရိကန် ပြည်သူတွေရဲ့ အကျိုးကိုပထမဦးဆုံး စောင့်ထိန်းပါမယ့်အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ အိုဘားမား ကတိတည်ခဲ့တဲ့အတွက်စာရေးသူ ကျေနပ်မိတယ်။

တခါတလေ လောကမှာ အိုဘားမားလို တာဝန်ကတဘက်၊ ယုံကြည်မှုကတဘက် ပဋိပက္ခ ဖြစ်တတ်တယ်။ ယုံကြည်မှုတို့(မူ) တို့ဆိုတာ ရှိကိုရှိရမယ့် လူ့ကျင့်ဝတ်ကောင်းတွေပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘုရား ကိုယ်တော်ကြီးတောင် ဘုရားဖြစ်ချင်ဇောနဲ့ အစွန်းရောက် ကျင့်ကြံခဲ့တာ ဘုရားမဖြစ်ရှာဘူး။ အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လိုက်မှ ဘုရားဖြစ်ရှာတယ်၊ မဟုတ်ပါလား။ ဘယ်အရာမှ လှေနံဓားထစ်အစွန်းမရောက်သင့်။ ဒီမိုကရေစီလည်း ထို့နည်းလည်းကောင်းပါပဲ။ တာဝန်ရှိလာရင် လက်တွေ့ကျဖို့ လိုလာပါတယ်။အိုဘားမား တက်လာခါစက မူကိုနင်းပြီး စိတ်ကူးယဉ် မူအလွန်အကျွံသမားတွေ ပြောစကားကို ယစ်မူးပြီး အကြမ်းဖက်သမားတွေထားရာ ဂွင်တာနာမို အကျဉ်းစခန်းကို တနှစ်အတွင်း ပိတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ လက်တွေ့ကျတော့ အမေရိကန်တွေကို သတ်ဖို့သန္နိဋ္ဌာန်ချထားတဲ့ သူတွေကို ဘယ်မှာ သွားထားမှာလဲ။ လွှတ်လိုက်တဲ့သူတွေ အကြမ်းဖက် ပြန်ရောက်သွားသူတွေကလည်းမနည်း။ ဒါကြောင့် အခုထိ မပိတ်နိုင်သေးဘူး။

ဒါကြောင့် အိုဘားမားကိုလည်းတာဝန်က လက်တွေ့သမားဖြစ်အောင် တွန်းပို့လိုက်တာပါ။

လူငယ်လေးတွေ လက်တွေ့အဖြစ်တွေမှ အလိမ္မာ ယူနိုင်ကြပါစေ။



No comments: