Tuesday, August 3, 2010

ကျနော်ဖြတ်သန်းခဲ့တဲ့ ၈လေးလုံးအတွေ့အကြုံ ၃။


            ကျနော်ဖြတ်သန်းခဲ့တဲ့ ၈လေးလုံးအတွေ့အကြုံ ၃။

လောကမာရဇိန် နှင့် ရွေတောင်စားစေတီဘုရားကြီးဝင်းအထဲတွင် ကျနော်တို့ ၈ ရက် နေ့ညနေပိုင်းလောက်အထိ ဟောပြောမှုများကို ကျောင်းသားများက ဟောပြောမှုများကို ပြု လုပ်ခဲ့ကြသည်။ ဟောပြောမှုစင်မြင့် အခမ်းအနားမှူးတာဝန်ကိုတော့ ကျနော်ကပဲတာဝန်ယူပြီး ကိုမျိုးသိန်းက ဟောပြောမည့်သူများ မည်သည့်အရာများဟောပြောမည်နည်းဟူသည်ကို အကြမ်းရေးသားလာသော စာရွက်များကို ဖတ်ရှုကာ အကြမ်းမျဉ်းစိစစ်ပေးပါသည်။ ထိုသို့ ဆောင်ရွက်မှူကို ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ပို၍ပြုလုပ်လာရပါသည်။ အကြောင်းမှာ မြို့တွင် ခေတ်ပညာတတ်တယောက်ဖြစ်ပြီး စိတ်သိတ်မမှန်သည့် ကိုဇာနည် ဆိုသည့် အစ်ကို တယောက်က သူဟောပြောမည်ဟု အတင်းအဓမ္မတောင်းဆိုလာသဖြင့် ကျနော်တို့က ဟော ပြောခွင့်ပြုလုပ်ရာ အခုမြန်မာပြည်မှာ စီးပွားရေးကြပ်တည်းပြီး ဆန်ဈေးကြီးလာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အခု ဆန်တပြည် ထားဝယ်မှာ အစိတ်ဖြစ်နေလဲ ထမင်းမစားဘဲသေတဲ့ မသာ ရှိလို့လား ဟူ၍မေးခွန်းထုတ်လိုက်တော့ သူ၏ဟောပြောချက်က မဆလ စစ်အစိုးရကို သွားထောက်ခံသလို ဘာမှပြည်သူတွေဒုက္ခမရောက်သေးသလို ဖြစ်သွားရာ တက်ရောက်လာ သော ပြည်သူတွေက ၀ိုင်းဆွဲချလိုက်သဖြင့် ထိုသူဆင်းသွားခဲ့ရသည်။ ထိုအဖြစ်အပျက်သည် ကျနော်တွင်တာဝန်ရှိသလိုဖြစ်သွားပြီး ကိုတင်လေး တို့ ကျန်တဲ့ နိုင်ငံရေးနားလည်သူ လူကြီး တချို့တို့က ထိုအတိုင်းတခါတည်းဟောပြောခွင့်တန်း၍မပေးရန် ပြောချင်သည်များကို အ ကြမ်းရေးသားလာရန် အနည်းဆုံး အချုပ်ရေးသားလာခိုင်းရန် အကြံပေးကြသဖြင့် ထိုကဲ့သို့ ဆောင်ရွက်လာခဲ့ပါသည်။ ထိုပထမနေ့ ရှစ်ရက်နေ့သပိတ်အား မပြီးဆုံးမှီမှာပင် ကျနော်တို့ အားလုံးခဏညှိနှိုင်းတိုင်ပင်လိုက်ပြီး ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂကို တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထိုသပိတ်အား ဦးဆာင်သွားမည်ဖြစ်ကြောင်း ကျနော်က ကျေညာပေးလိုက်ပါသည်။ ညှိနှိုင်းတိုင်ပင်မှုများက အစကတည်းကပင် ကျနော်တို့အစည်း အဝေးလုပ်ချိန်ကတည်းက အသုံးပြုခဲ့ကြသည့် ဘုရားကြီးဝင်းရဲ့ လမ်းမအရှေ့မြောက်ဘက် က ဇေယျဝတီကျောင်းတိုက်အား သပိတ်စခန်းအဖြစ် ညအိပ်ရပ်နားစခန်းချရန် ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသည်။ ထိုသိုသပိတ်ညနေစောင်းရပ်နားမည့်အချိန်တွင်လူစုမခွဲဘဲသပိတ်စခန်းချမည့်နေရာအလွယ်တကူရွေးချယ်နိုင်မှုမှာလည်း ကြိုတင်ညှိနှိုင်းဆွေးနွေး ထားနိုင်မှုများ၏ အကျိုးဆက်ရလာဒ်ပင်ဖြစ်ပေသည်။ ကျနော်ကတင်ပြရာ ဘာမှအငြင်းမပွား ကြဘဲ သူတို့အားလုံးက ဆက်လက်၍သာ ဆောင်၇ွက်ရန်ပြောခဲ့သဘောတူခဲ့ကြသဖြင့် ရှစ်လေးလုံးနေ့တွင်ပင် လူလုံးမကွဲသွားဘဲ ညအိပ်ပြီး အတူစုစည်း ဆွေးနွေးကာ သပိတ် ဆက်သွားမည်အတွက် ဆက်လက်ပြင်ဆင်နိုင်ခဲ့ကြသည်။
ကျနော်တို့သည် ဇေယျဝတီ ကျောင်းတိုက်အတွင်းတွင် ရဲဘော်ရဲဘက် ၇၀ ကျော် ၈၀ ခန့်ဆက်လက်စုစည်း နိုင်ခဲ့ကြ သည်။ ထိုရဲဘော်များကို အသေခံ၇ဲဘော်များဟု သတ်မှတ် ကာ လက်ပတ်နီိများနောက်ပိုင်း ရက်ဖြစ်သည့် ၉ ရက် နှင့် ၁၀ ရက်နေ့များတွင် ထုတ်ပေးခဲ့ ကြသည်။ ထိုရဲဘော်များကို ကျနော်တို့တကယ်ပဲအားကိုးခဲ့ကြရသည်။ ဇေယျဝတီကျောင်း ၀င်း၏ မြောက်ဘက်မုဒ် အ နောက်ဘက်မုဒ် နှင့် တောင်ဘက်မုဒ်များတွင် တမုဒ် ကို ၂၀ ကျော်စီခန့် ကင်းအစောင့်ချထား ရပါသည်။ ထိုကျောင်းဝင်းအတွင်းထဲတွင် သပိတ်ကို ဆက်လက်ဦးဆောင်မည့်သူများကို ကျ နော်တို့အားလုံးကပင် ရွေးချယ်ခဲ့ကြသည်။ အထူးသဖြင့် ကိုတင်လေးကပင် အကြံပြုပါသည်။ ကျနော်တို့က သဘောတူမတူ ၀ိုင်းဝန်း ဆုံးဖြတ်ကြပါသည်။ ကျနော်တို့သပိတ်ခေါင်းဆောင် ၁၁ ယောက်ကို ရွေးချယ်နိုင်ခဲ့ကြသည်။ ၄င်းတို့မှာ ကိုတင်လေး၊ ကိုအတာ၊ ကိုဟုတ်ကြည၊် ကျနော်(ကိုကျော်ထင်)၊ ကိုမျိုးသိန်း၊ ကိုမင်းဇော်ရွှေ၊ ကိုကြည်ရှိန်၊ ကိုဝင်းအောင်၊ ကိုကျော် အောင်(ဘီအီး)၊ ကိုကျော် အောင် (စိတ်ပညာ) နှင့် ထွန်းကျော်မောင်(ထားဝယ်ကောလိပ်) တို့ စုစုပေါင်း ၁၁ ဦးဖြစ်ပါသည်။ ထို ၁၁ ဦးသည် ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂစ တင်ပေါ်ပေါက်ရေး ထားဝယ်တနယ်လုံးတွင် ကျောင်းသားလှုပ်ရှားမှုစတင်ဖြစ်ပေါ်ရေး ဆက် လက်ဖြစ်ပေါ်ရေး အတွက် တကယ့်ကို မိုးထဲရေထဲအကြား မည်သူမျှအရဲစွန့်ခေါင်းမဆောင်နိုင် သေးသည့် အချိန်တွင် ခေါင်းဆောင်လုပ်ရဲခဲ့ကြသူများ ဖြစ်ခဲ့ပြီးထို ၁၁ ယောက်၏ ဦးဆောင်မှု ကိုယုံယုံ ကြည်ကြည်ဖြင့် အသေခံဟုသတ်မှတ်ကာ ကျနော်တို့ နှင့်ဇေယျဝတီကျောင်းတိုက် အတွင်းတွင်သပိတ်စခန်းကို ၈ ရက်နေ့ညနေမှစတင်၍ ဖွင့်လှစ်နိုင်သည့် အထိ လက်တွဲ ဆောင်ရွက်ခဲ့သည့် တကယ့်ရဲဘော်ရဲဘက် comrade များပင်ဖြစ်ပါသည်။ ကျနော် ပြည်တွင်း တိုက်ပွဲဝင်မှုတွင် မတ်လ ၁၃ ဖုန်းမော်ကျပြီးနောက် စက်မှုတက္ကသိုလ်ပေါ်တီကိုအောက်မှ မပြန်ဘဲဆက်လက်တိုက်ပွဲဝင်ခဲ့ကြသူများ ရှစ်ရက်နေ့ညနေတွင် အိမ်မပြန်ဘဲ ဇေယျဝတီ ကျောင်းဝင်းအတွင်းတွင် ဆက်လက်စုစည်းတိုက်ပွဲဝင်ခဲ့သူများသည် ကျနော်ဖြတ်သန်းခဲ့သော တော်လှန်ရေးဖြတ်သန်းမှုများတွင် တကယ့်ကိုရဲဘော်ရဲဘက်ပီသသော comrade များဟု ဆိုချင်ပါသည်။ ထိုအျထက်ဖေါ်ပြပါ ၁၁ ယောက်သည် ထားဝယ်တွင် ထိုအချိန်က တကယ့်သူရဲကောင်းများပင်ဖြစ်ခဲ့ကြပါသည်။ လူတိုင်းက ထိုရှစ်ရက်နေ့ညတွင် စစ်တပ်က ဇေယျဝတီကျောင်းတိုက်ကို လာဝိုင်းလိမ့်မည်ဟု တွက်ဆခဲ့ကြသည်။
ထိုခေါင်းဆောင် ၁၁ ဦးထဲတွင်နှင့် အသေခံ ၈၀ ခန့်အထဲတွင် မြို့မှ လေးစားသူများပါ သလိမြို့ကလူတွေက အထင်မကြီးသော မလေးစားသော အရက်သမား ဆေးသမား များ လည်းပါပါသည်။ တချို့ထိုရှစ်ရက်နေ့က ကျနော်တို့နှင့်အတူလာမနေသောသူများက ကျောင်းသားသမဂ္ဂအတွင်းစည်းကို ၀င်ရောက်ရန်ကြိုးပမ်းမှုများမအောာင်မမြင်ဖြစ်တိုင်း မင်းတို့ခေါင်းဆောင် ၁၁ ယောက်ထဲက ဟိုကောင်ကတော့ဘယ်လို ဒီကောင်ကတော့ဘယ် ကဲ့သို့ဘယ်ချမ်းသာဖြစ်သည်ဟု၎င်း အသေခံ ၇၀ တွင် ဟိုကောင်ကတော့ ဆေးသမား ဒီ ကောင်ကတော့ အရက်သမားအစသဖြင့် အထင်မကြီးကြောင်းအမျိုးမျိုးပြောခဲ့ကြပါသည်။ အထူးသဖြင့် အသေခံ ၇၀ ထဲတွင် မပါသော်လည်း မြို့တွင် ဆိုက်ကားနင်းစားသူ အရက်ကြိုက်တတ်သည့် ကိုဌေးကြည်ဆိုသည့် အစ်ကိုတယောက်က မနက်မိုးလင်းတိုင်းတွင် သပိတ်စခန်းအားအစောကြီးရောက်လာပြီး စိတ်ချရသော ထမင်းထုပ်များကို လာရောက်ပို့ ဆောင်ပေးတတ်သူ က အရက်မူးးမူးဖြင့် သပိတ်စခန်းထဲတွင် ရှိနေကျနော်တို့နှင့်စကားပြော ဆိုနေသောသတင်းများ အပြင်သို့ ကျနော်တို့ရဲဘော်များ ပြောရင်းဆိုရင်းဖြင့်ပေါက်ကြားသွား သောအခါ မင်းတို့မှာက အရက်သမား ဆိုက်ကားသမား ဌေးကြည်လိုမျိုးတောင်မင်းတို့ရဲ့ စိတ်ချရတဲ့ရဲဘော်တွေဆိုတော့ ဆိုသောအပြောအဆိုမျိုးများလည်း ပျံ့နှံ့ခဲ့ပါသည်။ မည်သို့ ပင်ဖြစ်စေ ထိုရဲဘော်များကို ကျနော်တို့ ကိုမိုးသီးစကားနှင့်ပြောရလျှင် မိုးထဲရေထဲတွင် အား ကိုးခဲ့ကြရသည်။ အသက်စွန့်တိုက်ပွဲဝင်ရမည့် သေနိုင်သောလမ်းများတွင် ကျနော်တို့ ယုံကြည်စွာ အပြန်အလှန်အားကိုးနိုင်ခဲ့ကြသည်။ ထိုကြောင့် သပိတ်အရှိန်ကောင်းလာပြီး အဖွဲ့အစည်းများ တအားများလာသောအခါတွင် ဆိုက်ကားသမဂ္ဂဖွင့်ပွဲကို ကျနော်တက်ဖြစ် အောင်တက်ခဲ့ပါသည်။ ကိုဌေးကြည်သည် ဆိုက်ကားသမဂ္ဂတွင်လည်းလူကြီးခေါင်းဆောင်မ ဖြစ်ခဲ့ပါ။အသေခံရဲဘော်များအထဲတွင်မူ ကျနော်အပိုင်း ၂တွင် တင်ပြခဲ့သောရဲဘော်များဖြစ် သည့် ကိုလှစိုး ကိုအောင်သန့်တို့ဆက်လက်ပါဝင်လာခဲ့ပါသည်။ ကျနော်ထိုရဲဘော်အမည် များကိုနောက်ပိုင်းတွင် ကိုလှစိုးအားမေး၍ဆက်လက်ပြုစုပါဦးမည်။ ကျနော်တို့ ၈ ရက် ၉ ရက် ၁၀ ရက်ဟောပြောမှုများတွင် မြို့မှ လူကြီးများအထဲမှ ဒေါ်တင်ထွေးမူ (သခင်ဗသိန်း တင်သမီး၊ ရှေ့နေ) နှင့် ကိုဖေ၀င်း (ဒို့ဗမာအစည်းအရုံးဝင်သခင်စံဝင်းသား) တို့က အစော ကြီးကတည်းပင် ၀င်ရောက်ဟောပြောခဲ့ကြပါသည်။ ထို့အပြင် သပိတ်စခန်းထဲသို့ ရှစ်နေ့ည နေပိုင်းမှစ၍ လာရောက်အားပေးသည့်အထဲတွင် ရှေ့နေကိုဉာဏ်သိန်းမှာလည်း အားကိုးရ သည့်တိုက်ပွဲဝင်ရဲဘော်ရဲဘက်တယောက်ဟုဆိုချင်ပါသည်။ ထိုအချိန်က ရှေ့နေအထဲတွင် ဘယ်သူမှ ကျနော်တို့ထံသို့မလာရဲကြသေးချေ။ ၁၀ ရက်နေ့လူစုခဏခွဲ၍သော အချိန်များ တွင်အားကိုးရသူများမှာ အထက ၁ မှကျောင်းဆ၇ာ ဦးအောင်မြင့် (ယခု BLC) နှင့် ဆရာဦးဟိုပင်တို့ပင်ဖြစ်သည်။
ကျော်ထင်။

(ခဏရပ်နားပါဦးမည် အပိုင်း ၄ အားဆက်ရေးပါမည်။)

No comments: