“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၉)”
-၂၈ သြဂုတ် ၂၀၁၀
၁၉၉၇ခုနှစ်။ ဒီဇင်ဘာ၊
အခြေခံဒေသထိုးဖောက်ရေးကာလအတောအတွင်းအချို့ရဲဘော်များမှာဒေသခံတိုင်းရင်းသူများနှင့်အိမ်ထောင် ရက်သားကျကြသည်။အိမ်ထောင်သည်များကိုစစ်ကြောင်းဖြင့်မလိုက်စေလိုပဲမြောက်ဘက်နယ်စပ်မျဉ်း(အထူး ဒေသနှင့်ကယန်းဒေသအစပ်)ကိုးဒစ်ရွာနှင့်ချဉ်ပတောင်ရွာကြားရှိလယ်ကျင်းဘေးပတ်ဝန်းကျင်ရှိမြောင်းများ၌ ပုန်းတဲများထား၍ နေစေသည်။
ထိုအချိန်ကယန်းပြည်သစ်တပ်ဖွဲ့မှာသစ်တောကြိုးဝိုင်းအတွင်း၎င်းတို့ခေါင်းဆောင်အတွင်းရေးမှူးဗိုလ်အိုက် ဒေါင်းမှာမိုင်းထိ၍ခြေထောက်ဖြတ်ပစ်လိုက်ရသည့်အပေါ်ကေအန်ယူအားအခဲမပြေဖြစ်ချိန်၊နားလည်မှုလွဲမှားနေ ချိန်၌ကယန်းပြည်သစ်လှုပ်ရှားတပ်ဖွဲ့မှကျနော်တို့ကျနော်တို့မကဒတအလုပ်အဖွဲ့အား၎င်းတို့နှင့်လာရောက် ပူးပေါင်းရန်စာဖြင့်ကမ်းလှမ်းလာသည်။ကျနော်တို့မှာဗဟိုမှညွှန်ကြားချက်မရသေးပဲ၎င်းတို့ကမ်းလှမ်းလာသည့် အပေါ်အချိန်ကာလတစ်ခုအထိစောင့်ရန်ပြန်ကြားထားသည်။
မကြာမီကယန်းဒေသခံတပ်ဖွဲ့မှအိမ်ထောင်သည်များစခန်းချသည့်နေရာသို့လာရောက် နေရာယူပြီးသေနတ်များ ဖြင့်လာရောက်ပစ်ခတ်ကြ၍အိမ်ထောင်သည်ရဲဘော်များမှမဟာမိတ်ဖြစ်နေမှန်းသိ၍မဟာမိတ်စည်းကိုစောင့် ထိမ်းသောအားဖြင့်ပြန်လည်ပစ်ခတ်မှုများမပြုလုပ်ခဲ့ပါ။
-မကဒတ တာဝန်ရှိသူများ
ဤစာရရခြင်းကယန်းပြည်သစ်တပ်မတော်နှင့်လာရောက်တွေ့ဆုံရန်တမောခိုကျေးရွာသို့ယခုလာ သည့်ဆက်သားနှင့်တပါတည်းလိုက်ခဲ့ပါရန်-ဆိုသည့်ကယန်းတပ်ဖွဲ့မှူး၏လက်မှတ်ဖြင့်ဆင့်ခေါ်သည်။ထိုစာ ကြောင့်ကျနော်တို့အလုပ်အဖွဲ့မှခေါင်းဆောင်နှင့်ရဲဘော်တစ်ဦးသွားရောက်တွေ့ဆုံပါသည်။နောက်တစ်နေ့ ထိုနှစ်ဦးပြန်မရောက်လာပါ။ကြားရသည့်သတင်းအရကယန်းပြည်သစ်မှကျနော်တို့ရဲဘော်နှစ်ဦးကိုလက်ပြန်ကြိုး တုတ်၍ဖမ်းဆီးထားကြောင်းသိရသည်။ထိုနှစ်ဦးကိုဖမ်းဆီးသည့်နေရာမှာအလယ်ချောင်းရွာ။ကင်းလိုက်ကြော၌ ဖြစ်သည်။၎င်းတို့မှအချက်(၇)ချက်ပါသည့်အတိုင်း-
(၁)ကယန်းပြည်သစ်သို့ဝင်ပါ၊
(၂)ကယန်းပြည်သစ်ရဲဘော်တစ်ယောက်၏နိုင်ငံရေးခံစားပိုင်ခွင့်အတိုင်းခံစားပိုင်ခွင့်ရှိစေရမည်။
(၃)ကယန်းပြည်သစ်ပါတီနှင့်အတူဒေသဆိုင်ရာဖွံ့ ဖြိုးရေးအတွက်ဝိုင်းဝန်းလုပ်ဆောင်ရန်။
(၄)တာဝန်နှင့်ရာထူးအလိုက်ကယန်းပြည်သစ်တပ်မတော်တွင်ရယူခံစားပိုင်ခွင့်ရှိစေရမည်။
(၅)သင့်တော်သည့်အချိန်ကာလ(သို့မဟုတ်နိုင်ငံရေးအခြေအနေပေးသည့်ကာလတွင်သက်ဆိုင်ရာအ
ဖွဲ့ အစည်းများသို့ ပြန်ခွင့်ပြုမည်။
(၆)ကယန်းပြည်သစ်၏အုပ်ချုပ်မှုအောက်တွင်တာဝန်ထမ်းဆောင်ရမည်။
(၇)ကယန်းပြည်သစ်တာဝန်ရှိသူများ၏ခွင့်ပြုချက်မရပဲမည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်များနှင့်ဆက်သွယ် ခွင့်မပြုလုပ်ရ- ဟုပါရှိပါသည်။
ထိုအချက်များကို ရဲဘော်တိုင်းဖတ်ကြားသိစေပြီး အလုပ်အဖွဲ့ ဆွေးနွေးပွဲထိုင်ဖြစ်သည်။ကေအန်ယူတပ်မဟာ(၂)သို့နဂိုကဆုတ်ခွာရန်ရွေးချယ်ထားသော်လည်းရန်သူနှင့်ဖောက်ပြန်ရေးအဖွဲ့များမှဆုတ်ခွာမည့်လမ်းကြောင်းများ ကိုတပ်အင်အား အခိုင်အမာဖြင့်ချထားကြောင်းသိရသည်။ထို့ကြောင့်ပထမဆုတ်ခွာမည့်လမ်းကြောင်း အစီအစဉ် မအောင်မြင်ခဲ့။
ဒုတိယအချက်မှာ-ကယန်းပြည်သစ်သို့ ဆုတ်ခွာရန်။
တတိယအချက်မှာထိုနှစ်ခုကိုမရွေးချယ်ပဲလက်ရှိဒေသ၏အင်အား၊လက်နက်၊ဆက်ရပ်တည်မည်ဆိုပါကရန်သူ ၏ခြေမှူန်းခြင်းကိုခံရမည်မှာမလွဲမသေဖြစ်သည်။
ထို့ကြောင့်အဖက်ဖက်မှသုံးသပ်ပြီးအကောင်းဆုံးနှင့်အသင့်တော်ဆုံးရွေးချယ်မှုနည်းလမ်းတစ်ခုကိုကျနော်တို့ရွေး
ချယ်လိုက်ရပါပြီ။ထိုရွေးချယ်မှုကတော့-ကယန်းပြည်သစ်နယ်မြေသို့ ဆုတ်ခွာရန်ဖြစ်ပါသည်။
ကယန်းပြည်သစ်ဒေသ။
မကဒတအလယ်ပိုင်းအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ပါတီ၏ထုတ်ပြန်ချက်သဘောထားအတိုင်းကယန်း ပြည်သစ်အပစ်အခတ်ရပ်စဲရေးနယ်မြေ၏အချိန်ကာလတစ်ခုအထိရပ်တည်လှုပ်ရှားရန်အတွက်ယခုကယန်း ပြည်သစ်နယ်မြေထဲသို့ကျနော်တို့ရောက်ရှိလာခဲ့ကြသည်။အလယ်ချောင်းရွာတွင်ကယန်းပြည်သစ်အတွင်းရေး မှူး ဗိုလ်အိုက်ဒေါင်းမှဝမ်းပန်းတသာဖြင့်ကျနော်တို့ အားကြိုဆို၏၊၄င်းတို့၏ဒေသတွက်ခေါင်ရည်များဖြင့်တည် ခင်းဧည့်ခံကြသည်။
-ကျနော်တို့  အပစ်အခတ်ရပ်စဲရတဲ့ သဘောကလည်း ကျားနဲ့ နွားနဲ့ ပေါင်းထားရတဲ့ သဘောပေါ့ဗျာ၊
-အခုလို အပစ်အခတ်ရပ်စဲ လိုက်ရတော့ ကျနော်တို့ လူမျိုးတွေလည်း ပေါ်တာ အဆွဲမခံရ တော့ဘူး၊
-ကိုယ့်တောင်ယာ ကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နိုင်တာပေါ့၊
-နယ်မြေဒေသဖွံ့ဖြိုးရေးအတွက်နအဖကကျနော်တို့ကိုစာသင်ကျောင်း။ကားလမ်း။ဆေးခန်းတွေ ဖောက်လုပ်။ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်၊
-နိုင်ငံရေးစကားကိုတော့ယခုအချိန်မှာသူတို့ ကကျနော်တို့ ကိုပြောခွင့်မပြုသေးဘူးလို့သိရတယ်၊
-ခုချိန်ဟာဒေသဖွံ့ ဖြိုးရေးနဲ့စီးပွားရေးလုပ်ငန်းအချို့ ကိုသာလုပ်ခွင့်ပြုထားပါတယ်၊
-နိုင်ငံရေးစကားကိုတော့အခွင့်အခါသင့်တဲ့အချိန်မှာလုပ်ပေးပါ့မယ်လို့တော့သဘောထားရှိပါတယ်၊
အထက်ပါစကားများသည်ကယန်းပြည်သစ်အတွင်းရေးမှူးဗိုလ်အိုက်ဒေါင်းမှကျနော်တို့ကိုမိတ်ဆက်ပေးသော စကားချပ်များဖြစ်သည်။
ကယန်းပြည်သစ်ဒေသမှာအများအားဖြင့်ကယန်းလူမျိုးများဖြစ်ကြသည်။ကရင်နှင့်ကယန်းနယ်မြေအစပ်တွင် ကယန်းလူမျိုးအနည်းစုနှင့်ကယန်းဒေသနေထိုင်သူကရင်လူမျိုးအများစုလည်းနန်းချိုချောင်းနဘေးတွင်တောင် ယာ၊ဥယျာဉ်လုပ်ငန်းဖြင့်လုပ်ကိုင်စားသောက်နေထိုင်ကြသည်။အများစု မှာ ရိုမန်ကက်သရစ်ဘာသာဝင်များ ဖြစ်ကြသည်။သဲပျော်ရွာတွင်နအဖဖောက်လုပ်ထားသောမြေညီခြောက်ပေကားလမ်းတစ်ခုတွေ့ရသည်။ထိုကား လမ်းသည်ခြောက်သွေ့ ရာသီတွင်သာကားအသွားအလာရှိပြီး။မိုးတွင်ကျလျင်ကားသွားလာ၍မရပါ။
ရွာအချို့တွင်စာသင်ကျောင်းသာရှိပြီးကျောင်းဆရာ။ဆရာမများလုံလောက်မှုမရှိတာကိုတွေ့ ရသည်။
ကျောင်းတွေမှာလည်း အခြေခံပညာမူလတန်း အဆင့်မျှသာဖွင့်လှစ်ပေးထားတာကိုတွေ့ ရသည်။
ဒေသခံလူထုမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည်။ရွာများမှဒေသခံတိုင်းရင်းသားကယန်းလူထုမှာဈေး ဝယ်ရာတွင်ရွာမှတစ်ညအိပ်ခြေကျင်သွားရသည်။သောက်ရေခပ်၊လိပ်သိုလ်၊တောင်ငူမြို့များသို့ခြေကျင်သွားရ သည်။အထူးသဖြင့်သူတို့နေထိုင်လုပ်ကိုင်စားသောက်ရသည့်လုပ်ငန်း မှာတောင်ယာခုတ်ခြင်းအဓိကဖြစ်သည်။
တောင်ယာများကိုခုတ်ဖန်များသောအခါတောင်ယာများမှာနာလန်မထူဖြစ်ကြရသည်၊သစ်ကြီး၊ဝါးကြီးပင်များမှာ ရှားပါးသလောက်ဖြစ်နေသည်။အချို့ ရွာများတွင်စိမ်းလန်းစိုပြည်သည့်သစ်တောများမရှိမှုကြောင့်ရေရှားပါးမှု များဖြစ်ကြရသည်။အချို့တောင်တန်းများမှာတောင်ယာခုတ်ဖန်များသောကြောင့်နောက်သစ်ပင်များမပေါက်နိုင် တော့ပဲတောင်ကတုံးကြီးများဖြစ်နေတာကိုတွေ့ရသည်။လူနေမှုအဆင့်အတန်းမှာလည်းအလွန်မှနိမ့်ကျပါသည်။
ကျန်းမာရေးပညာပေးလုပ်ငန်းများအားနည်းမှုကြောင့်ဝမ်းကိုက်ရောဂါ၊ငှက်ဖျားရောဂါကြောင့်သေဆုံးမှုအများ အပြားရှိကြပါသည်။အချို့ ရွာသားများမှာဒေသအတွင်းစီးပွားရေးမယ်မယ်ရရမရှိသည့်အတွက်မိုးကုတ်သို့ ထွက်၍ ကျောက်တွင်းတူးသည့်အလုပ်များသွားရောက်လုပ်ကိုင်ကြသည်။
မကဒတအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ဗဟိုကော်မီတီများ၏စီမံခန့်ခွဲမှုအောက်တွင်တာဝန်ထမ်းဆောင်ရ သည်။ကယန်းပြည်သစ်ပါတီဥက္ကဌမှာငိန်းကယန်းထန်(ဝါ) ဦးရွှေအေးဖြစ်သည်။
၁၉၆၂ခုနှစ်မှစ၍တောခိုသောတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ကယန်းလူမျိုးလွတ်မြောက် ရေးအတွက်တော်လှန်ရေးတာဝန်ကိုတက်ကြွစွာထမ်းဆောင်ခဲ့သောလူမျိုးစုခေါင်းဆောင်တစ်ယောက်ဖြစ် သည်။ဥက္ကဌဦးရွှေအေးမှာအပစ်အခတ်ရပ်ပြီးနောက်ပိုင်းသိကျိတ်ရွာ၌ဒေသခံကယန်းတိုင်းရင်းသားများနှင့် အတူလယ်ယာများလုပ်ကိုင်ထွန်ယက်နေတာကိုတွေ့ ရသည်။
ဒကစ(ဒေသကွပ်ကဲရေး စစ်ဦးစီး)နှင့်ကယန်းပြည်သစ်တပ်မတော်စစ်ဦးစီးတို့မှာလွိုင်ကော်၌မကြာခဏတွေ့ဆုံ စကားပြောကြသည်။လွိုင်ကော်တွင်ထောက်လှမ်းရေး(၂၇)ရှိ၏။ထောက်လှမ်းရေးအရာရှိများမှယခုတဖန် ကယန်းပြည်သစ်တွင်ရောက်ရှိနေသောကျောင်းသားများကို၎င်းတို့ထံအပ်နှံရမည်ဟုဖိအားပေးအကြပ်ကိုင်လာ သည်။
ထိုအခါကယန်းပြည်သစ်ဗဟိုကော်မီတီမှပထမအကြိမ်၌ယခုရောက်ရှိနေသည့်ကျောင်းသားများမှာကယန်းပြည် သစ်ပါတီ၏အုပ်ချုပ်မှုအောက်၌ ရှိ၍နအဖထံအပ်နှံဖို့ မဖြစ်နိုင်ကြောင်းတုံ့ ပြန်ခဲ့သည်။
ထိုကိစ္စကြောင့်ကယန်းပြည်သစ်ဗဟိုကော်မီတီအတွင်းသဘောထားအချို့ကွဲကြပြန်သည်။
ဒုတိယအကြိမ်ရေကန်ပုလောရွာတွင်အရေးပေါ်အစည်းအဝေးပြုလုပ်ရာ၌ထိုကိစ္စပါလာ၍ထိုအစည်းအဝေးမှ တညီတညွတ်တည်းဆုံးဖြတ်လိုက်သည်ကတော့-
ကယန်းပြည်သစ်ဒေတွင်ရောက်ရှိနေသော-အေဘီအက်စ်ဒီအက်ဖ်-တပ်ဖွဲ့ဝင်များကိုကယန်းပြည်သစ် ဒေသအတွင်းမှရက်ပိုင်းအတွင်းမရှိရေးတို့ ဖြစ်သည်။
ထောက်လှမ်းရေး(၂၇)မှပြောရာတွင်လက်ရှိဒေသအတွင်းမှာရှိသည့်ကျောင်းသားများကို၎င်းတို့လက်တွင်းသို့ အပ်လျင်အပ်၊မအပ်လျင်၎င်တို့ကိုယ်တိုင်ဒေသအတွင်းသို့ဝင်ပြီးတပ်အင်အားဖြင့်ဝင်ရောက်ရှင်းလင်းရလိမ့် မည်ဟုဖိအားပေးခဲ့သည်။
ထို့ကြောင့်-မကဒတအလယ်ပိုင်းအလုပ်အဖွဲ့ရဲဘော်များသည်သိကျိတ်ရွာတွင်အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ခရီးထွက်ရန်အလျင်အမြန်ပြင်ဆင်ကြရတော့သည်။အချို့ရဲဘော်များမှာဒေသအတွင်း၌တောင်ယာများခုတ်ပြီး စပါးရိတ်ရန်အသင့်ဖြစ်နေချေပြီ။ထိုစပါးများရိတ်သိမ်းခွင့်မရပဲခရီးထွက်ရတော့မည်။
အလယ်ပိုင်းဒေသတွင်တိုက်ပွဲဝင်ခဲ့သည့်သေနတ်များကိုယခုလိုကယန်းဒေသမှပြန်ထွက်ခွာရာတွင်ကယန်းပြည် သစ်ပါတီကလက်နက်များ၊ကျည်ဆံများ၊ယူဆောင်သွားခွင့်မရှိဟုသဘောထားထုတ်ပြန်လိုက်ပါသည်။ရဲဘော် များသည်မိမိတို့တိုက်ပွဲဝင်သေနတ်များကိုယူဆောင်သွားချင်သော်လည်းယူဆောင်ခွင့်မရသည့်အပေါ်ဝမ်းနည်း မှုများဖြင့်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ဥက္ကဌငိန်းကယန်းထန်(ဝါ)ဦးရွှေအေးရုံး၌သေနတ်များအပ်နှံလိုက်ရသည်။ ရဲဘော်အချို့ လူမမြင်သည့်နေရာများတွင်ဝမ်းနည်းဆို့တဲ့စွာငိုကြွေးနေကြသည်။
မကြာမီ-ဖိုးဝိကားအဖြူကြီးကဖင်ထိုး၍ခရီးထွက်ရန်စောင့်နေ၏။ကျနော်တို့အားလုံးကားပေါ်သို့ကိုယ်စီတက် လိုက်ကြသည်။ကယန်းပြည်သစ်ရဲဘော်အချို့မှာကျနော်တို့ကိုကြည့်၍ဝမ်းနည်းစွာဖြင့်နှုတ်ဆက်ကြသည်။ သိကျိတ်ရွာမှဤအကြောင်းသိပြီးသားရွာသားအချို့ဒေသထွက်ခေါင်ကျရည်ပုလင်းများလက်ဆောင်ပေးလာကြ သည်။ညနေနေဝင်စအချိန်။သိကျိတ်ရွာမှကားထွက်စပြုပြီ၊ဖိနပ်မပါပဲမျက်ရည်သုတ်ပြီးပြေးလိုက်လာသော ရဲဘော်ကြီးတင်ဝင်းအသံက“-ညီလေးရေ-သွားနှင့်ဦးကွာ။တို့ရှစ်လေးလုံးညီအစ်ကို တတွေ။တစ်နေ့  ပြန်ဆုံကြဘို့ဆုတောင်းကွာ-”ဟုငိုသံကြီးနှင့်နှုတ်ဆက်ဝမ်းနည်းသံ-ကြားနေမိ။လမ်းတလျှောက်၌တောစံပယ် အရိုင်းနံ့များ၊ညမွှေးပန်းရနံ့များ၊နှင်းခိုးမြူမှုံတွေပတ်လယ်ဝိုင်ထားသည့်တောင်တန်းတွေကိုနဂါးကြီးတစ်ကောင် က ပါတ်ခွေထားသည့်အလား--ယနေ့ အထိ ထိုမြင်ကွင်းတွေကကျနော့်မျက်ဝန်းအိမ်ထဲက ထွက်မသွားသေးပါ။
ကယန်းပြည်သစ်ရောက်မကဒတတပ်ဖွဲ့ဝင်အချို့ သည်လွိုင်ကော်ထောက်လှမ်းရေး(၂၇)၏ဖိအားပေးမှုကြောင့် (၂၅)ရက်၊အောက်တိုဘာ၁၉၉၈တွင်ကားဖြင့်လွိုင်ကော်နှင့်လိပ်သိုလ်အကြားကားလမ်းသို့လိုက်ပို့ပေးသည်။ ထိုကားလမ်းမှကျနော်တို့ ဖြတ်ဆင်းပြီး ဒေါလီရွာသို့ ရောက် သည်၊ ၄င်းရွာ တွင် တညအိပ်ပြီး နံနက်မိုးမလင်းမှီ ခရီးထွက်ဘို့ ပြင်ဆင်ကြသည်။ကျနော်တို့ ခရီးထွက်ရမည့်လမ်းကြောင်းမှာကလလတ-အုပ်ချုပ်ရေးနယ်မြေသို့ ဖြစ်သည်။မူရင်းလမ်းအတိုင်းသွားလျင်နေ့ဝက်နှင့်ရည်မှန်းချက်သို့ရောက်နိုင်သည်။သို့သော်သတင်းပေါက်မည် စိုး၍လမ်းကြောင်းအတိုင်းမသွားပဲတောတိုး၍ခရီးတွက်ရသည်။ကယန်းပြည်သစ်ဒေသအစပ်နှင့်ကလလတ- ဒေသအစပ်အကြားတောင်များမှာမြင့်မားမို့မောက်လှသည်။တခါတရံမတ်စောက်လှ၏။အတက်ဆိုးလှသော တောင်များမှတဆင့်ခက်ခက်ခဲခဲပြန်ဆင်းပြီးချောင်းကြို၊ချောင်ကြားတွေကို ဖြတ်ကျော်ရပြန်သည်။
ကျနော်တို့ခရီးထွက်တွင်ဒီနေ့အဖို့အရောက်ချီတက်ရမည့်နေရာမှာကလလတအတွင်းရေးမှူးဗိုလ်မှူးရွှေဝါ သစ်တောရုံးသို့ဖြစ်သည်။ကျနော်တို့အဖွဲ့အားလမ်းပြအဖြစ်ကယန်းပြည်သစ်ဥက္ကဌရုံးမှရဲဘော်အောင်ကျော်မှဦး ဆောင်သည်။တောင်ကြောရေစပ်များတွင်ကျွန်းသစ်တုံးကြီးများအစီအရီတွေ့ရသည်။ခရီးထွက်နေစဉ်အတွင်း ခပ်ဝေးဝေးတောင်ကြောများအပေါ်မှကားသံအချို့ ကြားရသည်။
ထိုကားသံသည်ရာဒိုသို့သွားသောကားဖြစ်ကြောင်းလမ်းပြရဲဘော်မှရှင်းပြသည်။ကျနော်တို့အဖွဲ့တွင်အိမ်ထောင် သည်(၂)ဦးပါသဖြင့်ခရီးထွက်ရာတွင်အတော်အခက်အခဲဖြစ်ရသည်။ရဲဘော်တစ်ဦး၏ဇနီးမှာကိုယ်လေးလက် ဝန်ကြီးဖြင့်ကလလတသစ်တောရုံးသို့ည(၁၉းဝဝ)နာရီလောက်မှရောက်ကြသည်။သစ်တောရုံးသို့မရောက်မှီ ရေစီးကြမ်းသည့် ထူးချောင်းကြီးကို ဖြတ်ကူးရသည်မှာအသဲတအေးအေး ဖြစ်မိသည်၊
ချောင်းအကျယ်မှာကျဉ်းသော်လည်းချောင်းတဘက်ကမ်းသို့ကူးရန်သစ်တုံးတစ်တုံးတည်းဖြင့်ကန့်လန့်ဖြတ်ခင်းထားသည်။ဘေးတဘက်တချက်တွင်လက်ကိုင်စရာတစုံတခုမှမရှိ။ကူးရသည်မှာမလွယ်ကူလှ။ပြုတ်ကျသွားလျင်ထိုရေစီး၌သယ်ဆောင်ရာသို့တဟုန်ထိုးပါသွားနိုင်သည်။
ကျနော်တို့အဖြေင့်ကူးနိုင်သော်လည်းအိမ်ထောင်သည်ရဲမေ(၂)ဦးကူးမှကူးနိုင်ပါ့မလားလို့ရင်တမမဖြင့်တဘက် ကမ်းမှစောင့်ရင်းကြည့်နေမိသည်။ရဲဘော်များမှရဲမေ(၂)ဦးအထုတ်အပိုးများကိုခွဲဝေယူဆောင်ကြပြီး၎င်းတို့ (၂)ဦးအလွယ်အပိုးမပါဒီအတိုင်းကူးစေသည်။ရဲမေ(၂)ဦးမှာစိတ်ဓါတ်ခိုင်မာစွာဖြင့်ထူးချောင်း၏ရေစီးကြမ်းလှသော အခက်အခဲကိုကျော်လွှားနိုင်ခဲ့ကြသည်။ထိုတစ်ညပင်ပန်းနွမ်းနယ်စွာအိပ်စက်အနားယူလိုက်ကြသည်။
ကျနော်တို့အဖွဲ့မှာကလလတသစ်တောရုံးတွင်(၅)ရက်မျှနေထိုင်အနားယူကြပြီးအောက်တိုဘာလ(၂၉)ရက်နေ့ ။ နံနက်(၉းဝဝ)နာရီတွင်ရှေ့ ခရီးဆက်ကြသည်။
လမ်းခရီးလုံခြုံရေးအတွက်သေနတ်(၅)လက်ကိုယူဆောင်ခဲ့သော်လည်းထိုသစ်တောရုံးမှထားခဲ့ရမည်ဆိုပြန် သောကြောင့်ထားခဲ့ရပြန်သည်။မြတ်နိုးယုယစွာထွေးပိုက်ခဲ့ရသောသေနတ်နှင့်ကျည်ဘောက်အချို့ကိုနောက်ဆုံး အလေးပြု၍ပေးလိုက်ရပြန်သည်။စိတ်ထဲနစ်နစ်သည်းသည်းခံစားလိုက်ရသည်။လမ်းပြမှာယခင်လမ်းပြမဟုတ်ပဲ ရဲဘော်တစ်ယောက်မှပို့ပေးမည် ဖြစ်ကြောင်းသိရသည်။
အုပ်ချုပ်ရေးဒေသအတွင်းရှိရွာများ၏အမည်များကိုမေးရင်းစကားတပြောပြောနှင့်တောတွေကိုတတောပြီး တတောတတောင်ပြီးတတောင်ကျာ်ဖြတ်နေရသည်။ဟာအို(ပလဲ့)၊ဝယ်ဒိုးသာ(ရွာသစ်၊ရွာဟောင်း)၊ယူလီးခို (ဂေကော)ဂိတ်စခန်းစသည့်ရွာများဖြတ်ပြီးယူလီးခိုတွင်ကျနော်တို့အဖွဲ့ နားကြ သည်။
ယူလီးခိုရွာအရှေ့ဘက်တွင်နွားကုန်သည်များစခန်းချအနားယူသည့်ဝါးတဲတစ်ခုတွင်စခန်းချစေသည်။ညဘက် အိပ်လို့တိတ်ဆိတ်၍အိပ်မောကျချိန်လောက်တွင်ဝါးတဲတဘက်တချက်မှချုံနွယ်များကိုတိုးပြီးအုပ်လိုက် တောတိုးသံကြားရ၍ရဲဘော်များအားလုံးအလန့်တကြားဝါးတဲပေါ်မှထ၍လွတ်ရာလွတ်ကြောင်းထွက်ပြေးကြကုန် သည်။အမှန်ကချုံတိုးလာသောအသံမှာရန်သူမဟုတ်ပဲနွားများဖြစ်နေ၍ ငိုအားထက်ရယ်အားသန် နေမိသည်။
သို့သော်ထိုသို့အဖြစ်မျိုးနွားမဟုတ်ပဲရန်သူသာအမှန်တကယ်ဖြစ်ခဲ့မည်ဆိုလျင်ကျနော်တို့၏ဘဝမှာရန်သူ၏ သေနတ်သံအောက်မှာအသက်အားလုံးပျောက်သွားကြမည်ကိုတွေးရင်းဖြင့်ဝမ်းနည်းအားငယ်မှုများဖြစ်ခဲ့ရ သည်။
ကျနော်တို့အဖွဲ့သည်ယူလီးခို(ဂေကော)ဂိတ်စခန်းမှနိုဝင်ဘာလ(၃)ရက်၁၉၉၈၊နံနက်(၇းဝဝ)နာရီတွင်ခရီး ဆက်ကြရာလိုဒေး၊ဘေခီး၊လပါခီးရွာများသို့ဖြတ်ကျော်ရသည်။ကလလတဒေသသည်လည်းကယန်းပြည်သစ် ဒေသလိုပဲတောင်များမှာတောင်ယာများအထပ်ထပ်ခုတ်ထား၍သစ်ကြီးဝါးကြီးပင်များမတွေ့ရသလောက်ရှားပါး သည်။ဘရယ်စော်ရွာဝသို့ကျနော်စတင်ဝင်ရောက်ရာတွင်စစ်ယူနီဖောင်းနှင့်အဖွဲ့တဖွဲ့ကိုအိမ်တစ်အိမ်၌တွေ၍ နေ၏၊ပထမရင်ထဲထိတ်သွားသည်။ရန်သူ့တပ်များဖြစ်နေမလား၊လေးဆယ်မမကျည်တွဲအီကွန့်မင့်ကိုတဲ၏ ဝါးအစွန်းတွင်ချိတ်ထားသည်ကိုတွေ့ ရသည်။အီကွန့်မင့်တွင်ပုဝါအနီကိုလည်းတွေ့ ရသည်။ကျနော့်မှာရှေ့သို့ ဆက်မတိုးရဲပဲလမ်းပြဖြစ်သူအားနောက်လှည့်သတင်းပို့သည်။လမ်းပြမှစက်ဖွင့်၍ထိုအဖွဲ့အားဆက်သွယ်ရာ ထိုအဖွဲ့ မှာရန်သူ့ အဖွဲ့ မဟုတ်ပဲကေအန်ပီပီမှလှုပ်ရှားတပ်ဖွဲ့ ဖြစ်နေမှန်းသိရသည်။
တပ်ကြပ်ကြီးဖြစ်သူရဲဘော်မှာယခင်ကမကဒတတပ်ရင်း(၃ဝ၃)တွင်တာဝန်ထမ်းဆောင်ခဲ့ဘူးသောရဲဘော်ဖြစ် မှန်းနောက်မှသိရသည်။
ထိုရဲဘော်များမှကျနော်တို့၏ ဖြစ်စဉ်များကိုနားလည်ပြီးအစစကူညီပေးရှာသည်။
ကျနော်တို့အားယခုလာသည့်လမ်းကြောင်းအတိုင်းရှေ့ဆက်မတိုးဖို့အကြံပေးသည်။ဖားဆောင်းဂွင်တွင် ကျနော်တို့သတင်းကိုအတိအကျရထားသောရန်သူမှတပ်များအခိုင်အမာချထားကြောင်းသိရ၍ထိုခရီးကိုရှေ့ဆက်ဖို့ မစဉ်းစားတော့ရန် ကျနော်တို့ ဆွေးနွေးတိုင်ကြသည်။ထို့ ကြောင့် ထိုခရီးမဆက်ပဲ လမ်းဘေးတောင်ယာတဲတညနားလိုက်ကြ သည်၊ ထိုတစ်ညရေမရှိ၍ တမင်းတနပ် ငတ်ခဲ့ ကြသေးသည်၊
ထိုဒေသတွင်ကေအန်ပီပီမှနယ်မြေခံများနှင့်ကလလတ နယ်မြေတာဝန်ခံ များမှာ နားလည်မှု ရယူထားကြသည်၊
ကေအန်ပီပီကလည်းကလလတရဲဘော်များကိုမလွဲမရှောင်သာမှတွေ့ခဲ့ရင်တောင်တိုက်ပွဲမဖြစ်ရန်။ ကလလတကလည်းကေအန်ပီပီတပ်များလှုပ်ရှားသွားလာကြတာကိုတွေ့လျင်တိုက်ပွဲမဖော်ဆောင်ရန်ညွှန်ကြား ထားသည်ဟုသိရသည်။ထိုနယ်မြေမှာကေအန်ပီပီနှင့်ကလလတ(၂)ဖွဲ့၏ဆုံချက်အကောက်အခွန်ဒေသများ ဖြစ်ကြသည်။ထို့ ကြောင့်အကျိုးစီးပွားအရရေရှည်အကျိုးကိုမျှော်ကိုးပြီးတိုက်ပွဲမဖြစ်ကြခြင်းဖြစ်သည်။
ကျနော်တို့ကရိန်နီလမ်းကြောင်းအတိုင်းခရီးထွက်ဖို့သဘောတူဆုံးဖြတ်ချက်ချလိုက်သည်။နောက်ထပ် လမ်းကြောင်းစဉ်းစားရာတွင်ယခုကရိန်နီနယ်စပ်တောင်ကြောများကိုဖြတ်ပြီးအနောက်တောင်ထောင့် ကေအန်ယူဒေသသို့ ဖြတ်ချိုးဝင်ရန် စဉ်းစား ဆုံးဖြတ် ခဲ့ကြသည်၊
ယခုကျနော်တို့ စခန်းချသည့်နေရာမှာကလလတအုပ်ချုပ်ရေးဒေသအတွင်းမှတောသီးဖိုရွာတွင်ဖြစ်သည်။
တောသီးဖိုရွာ၏အောက်တွင်ဖဲလော်ချောင်းရှိသည်။ဖဲလော်ချောင်းကိုကျော်ပြီးမှကေအန်ယူနယ်စပ်ကို ရောက်မည်။လမ်းခရီးမှာရက်ပိုင်း၊လပိုင်းလောက်အထိကြာနိုင်မည်ဟုခန့်မှန်းကြသည်။
အဘယ်ကြောင့်ဆိုသော်ရန်သူ့အခြေအနေနှင့်ကျနော်တို့၏ခရီးစဉ်ကိုသတင်းမပေါက်ကြားအောင်လျို့ဝှက်စွာ ထွက်ခွာရန်အတွက်ကြောင့်ဖြစ်သည်။(၂၇)ရက်။နိုဝင်ဘာ၁၉၉၈ နေ့တောသီးဖိုရွာမှစထွက်ရာ(၂၉)ရက်နိုဝင် ဘာ၁၉၉၈နေ့တွင်ကရိန်နီထိန်းချုပ်ရာမီးခါးတဲရွာသို့ရောက်ရှိသည်။လမ်းခရီးတွင်ရွာအချို့မှာရန်သူမှမီး ရှို့ ထား၍ အိမ်တိုင်များမှာမီးကျွမ်းထား၍မီးသွေးချောင်ကြီးတွေအလားတွေ့ ရ၏၊ခရစ်ယာန်ဘုရားကျောင်းများမှာယိုယွင်း ပျက်စီး၍ချုံနွယ်များအကြားတည်ရှိနေတာတွေ့ရပြန်သည်။ဘုရားကျောင်းထဲတွင်အိမ်မွေးဆိတ်များ၌ ချေတုံးများ၊သခင်ယေရှု့ ရုပ်ပုံကားချပ်မှာ ယိုယွင်း ပျက်စီး နေတာတွေ့ ရှု စိတ်မကောင်းဖြစ်မိရုံ ကလွဲပြီး ဘာများတတ်နိုင် ဦးမှာလဲ၊နာမည်ကြီးလှသည့်ဘွီးကော်ဘွားခီးတောင်ကြောကိုအဝေးမှလှမ်းတွေ့နေရသည်။ကျနော်တို့အဖွဲ့ဘွီး ကော်ဘွားခီးသို့(၂းဝဝ)နာရီကျော်မျှသွားရသည်။ထိုတောင်သို့မရောက်မှီမီခါးဒေး(ရွာပုန်း)ရွာမှာပဲစခန်း ချဖြစ်သည်။မီးခါးဒေးရွာတွင်စခန်းချစဉ်။ရွာထဲလှည့်ပတ်အကဲခတ်လေ့လာရာတွင်ကရင်တိုင်းရင်းသား များမှာ ဆင်းရဲကြပ်တည်းစွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်ရသည်ကိုတွေ့ ရသည်။ရွာတွေကိုစစ်တပ်မှ မီးရှို့ ပြီးနောက် ရွာသားများမှာယခင်ရွာထဲ၌မနေလိုကြတော့ပဲရွာပုန်းများအဖြစ်စုဖွဲ့ နေထိုင်ကြရသည်။
ရွာပုန်းများတွင်အခြေခံပညာရှိသောကျောင်းဆရာ၊တစ်ယောက်စ၊နှစ်ယောက်စ၊နှစ်ယောက်စမှရွာထဲမှ ကလေးများကိုပညာသင်ပေးကြရသည်။ထိုကလေးများမှာကျနော်တို့ကိုတွေ့လျင်ကျနော်တို့ မှဗမာစကားပြော၍ အတော်ကြောက်ရွံ့ နေပုံရသည်။ခေတ်၏ဆိုးကျိုးများကိုကလေးတွေခါးသည်းနာကျည်းစွာခံစားနေရသည်ကို ကြည့်ရင်းကျနော်၏ရင်ထဲနင့်သည်းစွာခံစားရသည်။ရွာသားများမှာ၎င်းတို့တောင်ယာထွက်သီးနှံများကို နောက်လွယ်ပုလိုင်းထဲသို့ကိုယ်စီထည့်၍မနက်ခရီးထွက်ဘို့ပြင်ဆင်နေကြသည်ကိုကြည့်ရင်းမေးမြန်းကြည့်မိရာ မနက်တွင်ရာဒိုသို့ခရီးထွက်ပြီးယခုသီးနှံများကိုမြို့ပေါ်တွင်ဆားဖြင့်လည်းကောင်း၊လဲလှယ်ရန်အတွက် ဖြစ်သည်ဟုသိရ၍ဆက်သွယ်ရေးလမ်းကြောင်း၏အခက်အခဲကိုဤဒေသတွင်တွေ့ရပြန်သည်။မူခါဒေးရွာ၏ အရှေ့တည့်တည့်ဘွေမိုခီးဆိုသည့်တောင်ကြောပေါ်တွင်ကားလမ်းဖောက်လုပ်ထားသည်ဟုသိရသည်။ ထိုကားလမ်းမှာတောင်ငူ၊မော်ချီး၊ဖားဆောင်း၊လွိုင်ကော်စသည်မြို့များသို့စစ်သုံးကားလမ်းအဖြစ်ဖောက် လုပ်ထားသည်။
မီးခါးဒေးရွာတွင်နေစဉ်။ကေအန်ယူဒေသ၊ခရီးလမ်းကြောင်းစကားစမြည်မေးမြန်းတီးခေါက်ကြည့်သည်။ လက်ရှိရွာနှင့်ကေအန်ယူတပ်မဟာ(၂)သံတောင်မြို့ နယ်အတွင်းရှိ ရှိခိုရွာမှာခြေကျင်လျှောက်သော်(၆)နာရီခန့်  သွားရမည်ဟုဒေသခံတစ်ဦးမုပြောပြသည်။ရှိခိုနှင့်အနီးတဝိုက်မောသူးတဲရွာဘက်တွင်သံတောင်မြို့နယ်ကေအန် ယူလှုပ်ရှားတပ်ဖွဲ့ များလှုပ်ရှားနေသည်ဟုသတင်းရသည်။ထိုဒေသများမှာကျနော်ကျင်လည်ခဲ့ဘူးသော ဒေသများဖြစ်၍စိတ်ထဲဝမ်းသာမိသည်။
ဆက်လက်ဖော်ပြပါဦးမည်။။---
မှတ်ချက်။ ။ဟစ်တိုင်ဝက်ဆိုက်မှကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။
No comments:
Post a Comment