Sunday, August 8, 2010

ကျနော်ဖြတ်သန်းခဲ့တဲ့ ရှစ်လေးလုံးအတွေ့အကြုံ ၄။

               ကျနော်ဖြတ်သန်းခဲ့တဲ့ ရှစ်လေးလုံးအတွေ့အကြုံ ၄။


ကျနော့အနေဖြင့် ရှစ်လေးလုံးလူထုလှုပ်ရှားမှုတွင် ကျနော်တို့ထားဝယ်နယ်ဘက်၌ တက်ကြွစွာပါဝင်ခဲ့သူများကို အမည်အားဖြင့် ဖေါ်ပြမိခဲ့ပါသည်။ ယခုအခါ၌ ၂၂ ပင်ကြာမြင့်ခဲ့ပြီ ဖြစ်၍ ပါဝင်အချိန်ကတည်းကလည်း မည်သူတို့ မည်သည့်အတိုင်းအတာအထိ ပါဝင်ခဲ့သည် ကိုလည်း တမြို့လုံးနီးနိးသိကြသည်ဖြစ်၍ အမည်များဖြင့်ဖေါ်ပြသမိုင်းမှတ်တမ်းတင်မိခြင်း ဖြစ် ပါသည်။ သူတို့ကိုလည်း န၀တ ခေတ်လောက်ကတည်းက လိုအပ်သည်များ စစ်ဆေးမှုများရှိ ပြီးဖြစ်မည်ဟုလည်းထင်မိ၍ အမည်များဖြင့် ဖေါ်ပြရဲခြင်းဖြစ်ပါသည်။
ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂဦးဆောင်မှုဖြင့် သပိတ်ကိုဦးဆောင်ခဲ့ ကြသည်။ ကျနော်တို့မှာ ၈ ၉ ၁၀ ရက်များတွင် သပိတ်မှောက်ဆန္ဒပြကြပြီး ၁၀ ရက်နေ့ညနေ ပိုင်း ကျနော်တို့ဆန္ဒပြပွဲပြီးခါနီးလေးတင်တွင် မဆလ စစ်အာဏာပိုင်တို့က နေ၀င်မီးငြိမ်းအ မိန့် ၁၄၄ ကိုထုတ်ပြန်ကြောင်း ကားဖြင့်လှည့်ကာအော်ပြောပေသည်။ ကျနော်တို့သပိတ် စခန်းဝန်းကျင်ဘက်သို့လာ၍လည်း အော်ပြောပါသည်။ ယင်းသည် ကျနော်တို့ဆန္ဒပြပွဲများစ တင်သည့် ၈ ရက်နေ့မှစ၍ အာဏာပိုင်တို့က လူစုခွဲရန် ကြိုးစားလာခြင်းဖြစ်သည်။ ၃ ရက် တောင်ဆန္ဒပြထားပြီးဖြစ်၍တကြောင်း ညဘက်လည်းအိပ်ရေးများပျက်ထားသည်ကတ ကြောင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ခဏလူစုခွဲရန် မကြာမီရက်ပိုင်းအတွင်း လူပြန်စုမည်ဖြစ်ကြောင်း ကျနော်တို့လူထုကိုပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း ကိုတင် လေး ရောကျနော်ပါပြောကြားပါသည်။ ထိုနောက် ၁၀ ရက်နေ့ညနေ ၅ နာရီကျော်ကျော် ၆ နာရီခန့်တွင် ဇေယျဝတီကျောင်းဝင်းထဲမှ လူစုခွဲ၍ မိမိသင့်တော်သောနေရာအသီးသီးကို ယူ၍ ကျနော်တို့ ခဏရှောင်တိမိးနေခဲ့ကြသည်။ ကျနော့်ကို ဆရာဦးအောင်မြင့်က လာခေါ် သွားပြီး အိမ်တအိမ်တွင် ဖွက်ပေးထားပါသည်။ ထိုနောက်နောက်တရက် ထိုအိမ်တွင် ထပ်အိပ်ဖြစ်ပြီး ၁၂ ရက်နေ့မနက်တွင် ကျနော်တို့ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ စု၍ အစည်းအဝေးလုပ်ကာ နားနားနေနေ နေနိုင်မည့် အိမ်တအိမ်ကို ဆရာဦးအောင်မြင့်က ရှာပေး ပြီးကျနော်တို့ ၁၁ ယောက်ပြန်လည်စုဆုံဖြစ်ကြသည်။ ထိုနေ့တွင်ပင် မဆလ ပါတီဥက္ကဌ နိုင်ငံတော်ကောင်စီဥက္ကဌ နှင့် နိုင်ငံတော်သမတကြီး ရာထူးများကို ယူထားသည့် ဦးနေ၀င်း၏ ရာထူးနေရာကိုဆက်ခံထားသူ သားသတ်သမားဦးစိန်လွင် နှုတ်ထွက်ပါသည်။ သူတက်စဉ် ၁၇ ရက်ကာလအတွင်း ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်စဉ်အတွင်း လူထောင်သောင်းချီ သတ်ဖြတ်ခဲ့ပေသည်။ထိုရက်များအတွင်း မဆလ စစ်အာဏာပိုင်များက ထားဝယ်ကျောင်းသားသမဂ္ဂတွင် ရန်ကုန်မှလာသည်ဆိုသောကျောင်းသားခေါင်းဆောင်တဦးဆိုသည်က ကောက်ခံရရှိသောငွေ များယူ၍ လိမ်လည်ထွက်ပြေးနေကြောင်း ဗိုလ်တထောင်သတင်းစာထဲတွင် ဖေါ်ပြလာခဲ့ပါ သည်။ ကျနော်တို့က စာများထုတ်၍ ထားဝယ်တွင်နေရာအနှံ့လျှောက်ကပ်ခဲ့ပါသည်။ ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂသည် လူတဦးတယောက်တည်းဖြင့်ဦးဆောင် နေခြင်းမဟုတ်ကြောင်း စုပေါင်းခေါင်းဆောင်မှုဖြင့် စည်းလုံးညီညွတ်မှုရှိရှိဖြင့် ငွေကြေးကိစ္စ နိုင်ငံရေးကိစ္စများ အပါအ၀င် ကိစ္စအားလုံးကို ဆုံးဖြတ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ထိုအချိန်အထိ ထားဝယ်နယ်တွင် ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂမှလွဲ ၍မည်သည့်အဖွဲ့အစည်းမှမပေါ်ပေါက်သေးပါ။ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျနော်တို့က ကျနော်တို့ရပ်ကွက်ထဲရှိဘုန်းကြီးကျောင်းထဲတွင် သပိတ်တွင်ပါဝင်သူများနှင့် ကနဦးစတင် ပြန်လည်တွေ့ဆုံလိုက်ပြီးသပိတ်ကို မနက်ဖြန် ၂၀ ရက်နေ့တွင် ဆက်လက်ကျင်းပနိုင်ရန် အတွက် ဇေယျဝတီကျောင်းဝင်းထဲတွင် ပြန်လည်တွေ့ဆုံရန် ပြောဆိုလိုက်ပါသည်။ ထို ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်မှစ၍ ကျနော်တို့၏ အသေခံ ရဲဘော် ၈၀ ခန့်သည်လည်း ဇေယျဝတီကျောင်းဝင်းထဲသို့ ရောက်ရှိလာပြီး မနက်ဖြန်သပိတ်အတွက် ပြန်လည်ပြင်ဆင် ကြသည်။ ထို၁၉ ရက်နေ့တွင် ရဲဘော်အောင်သန်းဝင်း (နောင် AB ယခု အမေရိကန်ပြည် ထောင်စုအခြေချ) ၇ဲဘော်သောင်းညွန့်ခေါ်လေဘေး (နောင် ABယခု ထိုင်းမြန်မာနယ်စပ်) တို့ထပ်ပေါင်းရောက်ရှိလာကြသည်။ထို နောက် ၂၀ ရက်နေ့တွင် တမြို့လုံးအနှံ့ဆန္ဒပြပွဲများဆက်လက်ကျင်းပခြဲု့ပန်ပါ သည်။ ထိုနေ့ခန့်မှစ၍ တမြို့လုံးတွင် အဖွဲ့အစည်းပေါင်းစုံတို့ပေါ်ပေါက်လာခဲ့သည်။ ကျောင်းသားသမဂ္ဂပြီးနောက်အစောဆုံးထပ်မံပေါ်ပေါက်ခဲ့သည့် အဖွဲ့အစည်းးများမှာ ကျောင်း သားဟောင်းများအဖွဲ့ ရှေ့နေများအသင်း လူထုအစည်းအရုံး နှင့် ဆိုက်ကားသမဂ္ဂ တို့ဖြစ် ပေသည်။ ကျနော်တို့မှာ ကျနော်တို့ကျောင်းသားတွေချည်းပဲသပိတ်ကို ဦးဆောင်နေစဉ်က ပုဒ်မ ၁၁ တပါတီစနစ်တည်ရှိရေး ဆိုတဲ့ မဆလ အာဏာပိုင်တွေရဲ့ ဥပဒေရှိသည်။ ဒါကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြမည် စသည်အချက်မှလွဲ၍ ဥပဒေဆိုသည်ကို ကျယ်ကျယ် ပြန့်ပြန့်မသိပါ။ ရှေ့နေအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် အဖွဲ့ပေါင်းစုံနဲ့တွဲ၍ဆောင်ရွက်ရ သည့် တပ်ဦးဆိုသည့် တပ်ပေါင်းစုနေရာတွင် ပုဒ်မပေါင်းစုံပြောဆုံဆွေးနွေးတင်ပြသည်ကို ကြားလာရသည်။အဖွဲ့ပေါင်းစုံပေါ်ပေါက်လာခြင်းမှာ စိန်လွင်ပြုတ်ပြီးဒေါက်တာမောင်မောင်ပြန် တက် သည့်အချိန်တွင်ပို၍ဖြစ်လာခဲ့သည်။ ထားဝယ်တွင် အကြီးကျယ်ဆုံးဆန္ဒပြမှုမှာ သြဂုတ်လ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်လှုပ်ရှားခဲ့ပေသည်။ ထိုအချိန်က ဗွီအိုအေ တွင်ဖေါ်ပြခဲ့သည့်သတင်းအရ လူပေါင်း ၂ သိန်းကျော်ခန့်တက်ရောက်ခဲ့သည်။ ထားဝယ်တွင် တန်ဆောင်မုန်းလပြည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲလှည့်ရာတွင် လူများသလိုမျိုး ထို ၂၂ ရက်နေ့ဆန္ဒပြပွဲတွင် ပြည်သူများ အုန်းအုန်းကျက်ကျက်တက်ရောက်ခဲ့ကြသည်။ တပါတီစနစ် မဆလ တပါတီစနစ်ကိုမလိုအပ် ကြောင်း ဒီမိုကရေပါတီစုံစနစ်ကိုလိုအပ်ကြောင်း လူ့အခွင့်အရေး ကျောင်းသားအခွင့်အရေး ကျောင်းသားသမဂ္ဂ တည်ရှိရေး စတာတွေကို တခဲနက်တောင်းဆိုဆန္ဒပြခဲ့ကြသည်။ သြဂုတ် လ ၁၉ ရက်နေ့တွင် ဦးစိန်လွင်၏ အရိုက်အရာကိုဆက်ခံခဲ့သော ဒေါက်တာမောင်မောင်က နေ၀င်းမီးငြိမ်းအမိန့်များကို၂၄ ရက်နေ့တွင်ရုတ်သိမ်းပေးလိုက်သည်။ ပါတီစုံစနစ်ကိုလည်း ကျင့်သုံးမည်ဖြစ်ကြောင်းးထုတ်ပြန်ကြေညာခဲ့ရာ တချို့လူများအောင်ပွဲကျင်းပသည်များပင် ရှိ ခဲ့ကြသည်။ ၂၂ ရက်နေ့ဆန္ဒပြပွဲတွင် လူထုတရပ်လုံးက တနင်္သာရီတိုင်းကောင်စီရုံးအလံကို ပထ မဆုံးဖြုတ်ချလိုက်ကြပြီး ထိုနောက်ထားဝယ်မြို့နယ်ကောင်စီရုံးအလံ တနင်္သာရီတိုင်း မဆလ ပါတီရုံးအလံတို့ကို ဖြုတ်ချလိုက်ကြသည်။
ကျနော်တို့ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂကိုလည်း ထားဝယ်ကော လိပ်တွင် ဗမာတနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို ဖွဲ့စည်းသည့် သြဂုတ်လ ၂၈ ရက်နေ့တရက်တည်းတွင်ပင် ဖွဲ့စည်းဖြစ်ခဲ့သည်။ ကိုတင်လေးက ဥက္ကဌ၊ ကိုအတာ ဒုဥက္ကဌ ကျနော်က အတွင်းရေးမှူး ကိုမျိုးသိန်းက တွဲဘက်အတွင်းရေးမှူး စီးပွားရေးတက္ကသိုလ်ကျောင်း သားတဦးဖြစ်သည့် အတိုးက ဘဏ္ဍာရေးမှူး ကိုကျော်အောင် (ဘီအီး) နှင့် ကိုအောင်သန်းဝင်း တို့က လုံခြုံရေး ယခင် စတင်ဦးဆောင်ခဲ့သည့် ၁၁ ဦးထဲတွင်ပါဝင်သည့် ကျန်သည့်လူများထဲ တွင်ကျောင်းသားဖြစ်နေသူများက ကျောင်းသားသမဂ္ဂတွင် ကျန်သည့်ကဏ္ဍများဖြစ်သည့် စည်းရုံးရေးပြန်ကြားရေး စသဖြင့်တာဝန်အသီးသီးခွဲဝေယူကြပါသည်။ ၁၁ ဦးထဲမှ လက်ရှိ ကျောင်းသားမဟုတ်တော့သူများကို တပ်ပေါင်းစု တပ်ဦးသို့ပို့၍ တာဝန်ထမ်းဆောင်စေ သည်။ ဥပမာ ကိုဟုတ်ကြည် လိုမျိုးဖြစ်သည်။ ထို့အပြင် ကိုမျိုးသိန်းကိုလည်း နောက်ပိုင်းတပ် ဦး သို့ပို့၍တာဝန်ထမ်းဆောင်စေရာ တပ်ဦးတွင် ကိုမျိုးသိန်းသည် ကျဆုံးသွားသူ ဦးပန် ကျော်က အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူ၍ ကိုမျိုးသိန်းက တွဲဘက်အထွေထွေ အတွင်းရေးမှူးတာဝန်ကိုယူသည်။ ကျနော်လည်း တပ်ဦး၏ ပြန်ကြားေ၇းတာဝန်ကို ကျန်းမာ ရေးဝန်ထမ်းတဦးဖြစ်သူ ကရင်အမျိုးသားတဦးနှင့် တွဲဘက်တာဝန်ယူရသည်။
၈၈၈၈ လှုပ်ရှားမှုကာလအတွင်း မိမိတို့အချင်းချင်းထဲ၌လည်းပြန်လည်၍အတော်ဖြေရှင်းယူရသည့်ပြဿနာတခု ၂ ခုလည်းဖြစ်ပွားခဲ့ပါသည်။ ဥပမာ အားဖြင့် လူထုအ စည်းအရုံးက လူထုဆန့်ကျင်ရေးအသွင်ဆောင်သည်များ လူထုကြားထဲ၌ဖြစ်ပွားသောအခါ ကျောင်းသားသမဂ္ဂနှင့် ထိပ်တိုက်တွေ့၍တပ်ဦးတွင်ဖြေရှင်းရခြင်းမျိုးဖြစ်သည်။ လူထုအစည်း အရုံးကို ဦးဆောင်သူများမှာ ကျနော်အစပိုင်းက ဖေါ်ပြခဲ့သည့် သခင်စံဝင်း၏သား ကိုဖေ၀င်း နှင့် ပြည်ချစ်ပြန် ကိုချစ်လွင် တို့ဖြစ်သည်။ ကိုချစ်လွင်မှာ တောထဲသို့ပင်ထပ်မံ ရောက်ရှိ လာသေးပြီး ဗိုလ်စိုးသိန်းတပ်တွင်တော်လှန်ရေးတာဝန်များထမ်းဆောင်လိုက်သေးသည်။ ဗိုလ်စိုးသိန်း န၀တ ဆီသို့ဒေသခံပြည်သူ့စစ်အသွင်ဖြင့် ပြန်ဝင်သွားသောအခါ စစ်အုပ်စုထံ လက်နက်ချသွားခဲ့ပြန်ပေသည်။ ကိုဖေ၀င်းမှာ ကျနော်တို့တောခိုလာခါစက တောထဲသို့ ရောက်ရှိလာသေးသည်ဟုတော့ကြားသည်။ နောက်ပိုင်း ကိုဖေ၀င်း လက်နက်နှင့် ပြန်ဝင်ရာ မိသွား သည်ဟု ကြားရသည်။ ထိုလူထုအစည်းးအရုံး၏ လုပ်ဆောင်မှုများမှာ လူထု ဆန့်ကျင်ရေးအသွင်ဆောင်လာသည် တခါတားလည်းမရ နှစ်ခါတားလည်းမရ ဖြစ်လာ သဖြင့်တပ်ဦးက လူထုအစည်းးအရုံးအားတပ်ဦးမှ ထုတ်ပယ်လိုက်သည်။ ထိုထုတ်ပြန်ကြေညာချက် ကို တမြို့လုံးအနှံ့ ကားနှင့်လှည့်လည်၍ တပ်ဦးမှ ကြေညာရာ ကိုဖေ၀င်းနေထိုင်သည့် ၀ဲကျွန်းရပ်ကွက်တွင် ကြေညာသည့်ကားနှင့် ကိုဖေင်းဦးဆောင်သည့်လူအချိုတိုပြဿနာတက်ကြသည်ထိုရပ်ကွက်သည်ယခုအေဘီခေါင်းဆောင်တဦးဖြစ်နေသူ ကိုမျိုးဝင်းနေထိုင်သည့် ရပ်ကွက်လည်းဖြစ်နေရာ ပြန်လည်လှုပ်ရှားနေသော ကိုမျိုးဝင်းမှာ ကျောင်းသားသမဂ္ဂနှင့် လူထုအစည်းအရုံးအဖွဲ့အ၀င်များရှိသော ၄င်းးတို့ရပ်ကွက်တို့အကြား ၌အတော်ပင်ကြားညှပ်နေခဲ့ပေသည်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့မိတ်ဖက်ပြဿနာများကို ငြိမ်း ချမ်းစွာအတတ်နိုင်ဆုံး ဖြေရှင်းနိုင်ခဲ့ကြသည်။ဆန္ဒမစောပါနဲ့ဟု ဆိုသော ဒေါက်တာမောင်မောင်လက်ထက်တွင် ကျနော်တို့ တနိုင် ငံလုံး ဆန္ဒပြကြသူများကလည်း ကြားဖြတ်အစိုး၇တောင်းဆိုသည်။ ၄င်းတို့ကလည်းမလိုက် လျော။ ရန်ကုန်တွင်လည်း ကြီး ၄ ကြီး ညှိ၍မရ။ ဦးနုကလည်း ထဖေါက်၍ ကြားဖြတ်အစိုးရဖွဲ့ သည်။ သူသာဝန်ကြီးးချုပ်ဖြစ်သည် ဟု ၁၉၆၀ ရွေးကောက်ပွဲရလာဒ်အရဆိုသည်။ ဒေါ်အောင် ဆန်းစုကြည်က ရွှေတိဂုံအနောက်မုဒ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ နိုင်ငံရေး တရားဟော ပြောသည်။ ဤသို့ဖြင့် ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်စောမောင်ဦးဆောင်သော တပ်က တာဝန်ကြီး ၄ ရပ်ထမ်းဆောင်မည်ဟုပြောဆိုပြီး အာဏာသိမ်းလိုက်သည်။အာဏာသိမ်းစဉ်တွင် ကျနော်နှင့် ထားဝယ်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်အချို့ အဖွဲဝင်အချိုတိုကံဘောက်ဒေသဖက်တွင်စည်းရုံးရေးခရီးစဉ် အဖြစ်ရောက်ရှိနေသည်။ အာ ဏာသိမ်းခံပြိးနောက်တနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကိုမြင့်သိန်း (ရှေ့နေအဖွဲ့ဝင်၊ ယခင် ဆေးတက္ကသိုလ်ကျောင်းသား ၇၄ ဦးသန့်အရေးအခင်းဖြင့်ကျောင်းထုတ်ခံရ၊ နောင် KNU တပ်မဟာ ၄ နယ်မြေတွင်ကျဆုံး) ရောက်ရှိလာပြီး အေးငါတို့တော့ တောခိုမှ ဖြစ်တော့မယ်ထင်တယ် ထားဝယ်မှာတော့အကုန်လုံးကျကုန်ပြီကျော်ထင်ရေဟု ထားဝယ်မှ ဆိုက်ကယ်ဖြင့်ပေါက်ချလာပြီး အမောပင်မဖြေစ် သေးပဲနဲ့ မောမောနှင့်ပင် ဟောဟဲလိုက်၍ ပြောပါသည်။ ဟာ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ ကိုမြင့်သိန်းဟု မေးရာ သူက ဒီနေ့မနက်ထား ၀ယ်တွင်ပထမဆုံးကျောင်းသားသမဂ္ဂကို ၀ိုင်းပုံ အတာနှင့် ကိုမျိုးသိန်းက ထွက်တွေ့ပြီး စစ်တပ်ခေါင်းဆောင်များနှင့် စကားပြောပုံ ထိုနောက်၎င်းတို့က အထက ၁ ကျောင်းဝင်းထဲ တွင်ရှိနေသည့် ကျောင်းသားများကို ၅ မိနစ်ပေး၍ လူစုခွဲထွက်ခွာစေရန် အကြောင်းပြန်ပုံ ကျောင်းသားများက ကျောင်းသားသမဂ္ဂတွင် လူစုခွဲပေးလိုက်ပြီး တပ်ဦးနေရာတွင်ပြန်စုပုံ တပ်ဦးသို့လည်းအဆိုပါ တပ်က ထပ်လိုက်လာပြီးတပ်ဦးအလံကို ဖြုတ်ချရန် ၅ မိနစ်အချိန် ပေးရာ ဦးပန်းကျော်က မဖြုတ်ဘဲတင်းခံရာ ခလရ ၂၅ တပ်ရင်းမှူး ဗိုလ်မှူးကြီးမြင့်သိန်းကိုယ် တိုင်ပစ်စတိုထုတ်၍ ဦးပန်ကျော်၏ လည်တိုင်အား အနီးကပ်ပစ်ခန်သွားရာ တပ်ဦးအထွေထွေ အတွင်းရေးမှူး on the spot ကျဆုံးသွားပုံ ဆရာဦးချမ်းလှလည်း နောက်က တပ်သားတွေ ကပစ်သည့် ဂျီ ၃ ထိမှန်၍ကျဆုံးပုံ နောက် ကျောင်းသားဟောင်းများအဖွဲ့မှ ကိုကြည်ရှိန်(ယ ခင်အပိုင်း ၂ ရေးစဉ်က ကျနော်အမည်မေ့နေသူ၊ ထားဝယ်ကျောင်းသားသမဂ္ဂမှ ကိုကြည်ရှိန် မဟုတ်) (ထားဝယ်ကျောင်းသားသမဂ္ဂမှကိုကြည်ရှိန်ကို ကျနော်တို့က သူတဦးတည်းသာ ဗမာပြည်ကွန်မြူနစ်ပါတီထားဝယ်ခရိုင် နယ်မြေကိုဖြတ်သန်းတောခိုသဖြင့် သူ့ကိုကျနော်တို့ က ဗကပ ကြည်ရှိန်ဟုခေါ်သည်။) က ကျောင်းသားဟောင်းများအလံကိုခိုင်မာစွာကိုင်စွဲလျက် ချီတက်ရာ ၄င်း၏ဒူးခေါက်ခွေးကို ပစ်ချလိုက်ပုံ ၄င်းလဲကျသွားသည့်တိုင် အလံကို မလဲအောင်ဆက်လက်ကြိုးစားကိုင်ဆောင်ရန်အားထုတ်ပုံများ နောင်ဈေးမှပြန်လာသူအမျိုး သမီး ဂျီသရီး ကျည်ထိမှန်သေဆုံးပုံ စုစုပေါင်း ၄ ဦးသေနတ်ဒဏ်ရာဖြင့်ထိမှန်သေဆုံးပြီး လူ ၂၀ ကျော်ခန့်ဒဏ်ရာရသွားပုံတို့ကို ကိုမြင့်သိန်းကရှင်းပြပါသည်။
ဤသို့ဖြင့် ကျနော်တို့သည် မပြီးဆုံးသေးသော တော်လှန်ရေးခရီးကို ဆန္ဒပြလှုပ်ရှားမှု ဖြင့်ဆက်လက်ပြုလုပ်၍ မဖြစ်နိုင်တော့ဟု ယုံကြည်လာသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရန် ကံပေါက်ဒေသရောက်ထားဝယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အားလုံးက အခိုင်အမာ ဆုံးဖြတ်လိုက်ကြပြီး ကံပေါက်မှ ၁၉ ရက်နေ့ည ၈ နာရီ ခန့်ကတည်းက စတင်ထွက်ခွာလာခဲ့ ပါသည်။ မနက် အာဂုံဦးအချိန်လောက်တွင် ထားဝယ် ရေး ကားလမ်းကိုဖြတ်ကာ နောက်ထား ၀ယ်ချောင်းဖျားကိုထပ်ဖြတ်ပြီး လမ်းတွင် တည ထပ်အိပ်ကာ ၂၁ ရက်နေ့ မနက်တွင် နတ်အိမ်တောင် တောင်ခြေရင်းသို့ရောက်ရှိလာခဲ့သည်။ မဟာမိတ် KNU က ထိုနယ်မြေကို လီဒိုစိုးမြို့နယ်ဟု ခေါ်ပြီး ကျနော်တို့ ရောက်ရှိချိန်တွင် မြို့နယ်ဥက္ကဌမှာ ပဒုံသမိန်ထွန်း ဖြစ် ပေသည်။ နောက်တရက် ၂၂ ရက်နေ့မှ ကျနော်တို့ တောင်ပေါ်တက်သွားခဲ့ရာ ၆၂ ကျောင်း သားဟောင်းကြီး ပဒုံသမိန်ထွန်းက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။ ကျနော်တို့နှင့် အတူ ကံ ပေါက်ဒေသဘက်မှ ကိုခင်မောင်ဝင်း (နောင် AB ယခု DVB နှင့် ဦးဌေးအောင် (နောင် AB , NDD ယခုစစ်ရေးအကဲခတ်)တို့လည်း ကံပေါက်ဒေသမှ အတူတွဲ၍ တောလှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် အဆုံးသတ်အောင်ပွဲသို့မ ရောက်ရှိခဲ့သည့်တိုင်အောင် မြန်မာပြည်၏နိုင်ငံရေးအခြေအနေတစုံလုံးအား မှောက်လှန် ပြောင်းလဲပစ်နိုင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်ပေါက်ခဲ့သည်။ လက်နက်ကိုင် တော်လှန် ရေးခရီးဆက်ခဲ့သော ABSDF ပေါ်ပေါက်ခဲ့သည်။ ပြည်သူများ၏နိုင်ငံရေးအသိအမြင်နိုးကြားမှု ရေချိန်အမြင့်မားဆုံးသို့ေ၇ာက်ရှိခဲ့သည်။ လူထု၏နိုင်ငံရေးဒီရေလှိုင်းတံပိုးကို စစ်ဝါဒီများမျက် ၀ါးထင်ထင်တွေ့ရှိခဲ့ကြပြီး မြန်မာပြည်သူများတွင် ထိုကဲ့သို့သောနိုင်ငံရေးလုပ်ဆောင်နိုင်စွမ်း များကို အသိအမှတ်မပြု၍မနေနိုင်ဘဲ ၉၀ မေရွေးကောက်ပွဲဆိုသည်ကို န၀တ စစ်အုပ်စုမှ ကျင်းပပေးခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၉၂.၇ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ထိုအရာများသည် ရှစ်လေး လုံး၏ အသီးအပွင့်များဖြစ်ခဲ့ပေသည်။ သို့သော်တကယ်တန်းအောင်ပွဲသို့မူ ယနေ့တိုင် မရောက်ရှိသေး။ ကျနော်တို့ ရှစ်လေးလုံးစိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲ၍ အဆုံးသတ်အောင် ပွဲဆင်နွှဲကြပါစို့။ ရှစ်လေးလုံးတွင်ကျဆုံးသွားသောရဲဘော်ရဲဘက်များ၏ ဒီမိုကရေစီရေးဆန္ဒ တွေကို ရှစ်လေးလုံးစိတ်ဓါတ်ကိုကိုင်စွဲလျက် ဆက်လက်တိုက်ပွဲဝင်ဖြည့်ဆည်းကြပ်စို့ဟု ယနေ့ ၂၂ မြောက်ရှစ်လေးလုံးအခါသမယ တွင် ကျနော်တို့ ကတိသစ္စာပြုကြပါစို့။

ကျော်ထင်

No comments: